ဂန့်ဂေါ၊ ၆ ဇန်နဝါရီ

ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်နာကျင့်သုံးသင့်သော စိုက်ပျိုးရေးနည်းပညာများ ပညာပေး မြေစိုက်ပိုစတာကို ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ စိုက်ထူထားသည်။

ပညာပေးဗီနိုင်းဆိုင်းဘုတ်တွင် ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေး နည်းစနစ်များ၊ မျိုးများ၊ သီးနှံနှင့် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးရေး၊ သီးနှံသစ်တော ရောနှော စိုက်ခင်းများထူထောင်ရေး၊ သဘာဝမြေဆွေးကို စနစ်တကျ ပြုလုပ်သုံးစွဲရေးနှင့် ဘက်စုံပိုးမွှား ရောဂါကာကွယ်နှိမ်နင်းရေးနည်းစနစ်များ လိုက်နာကျင့်သုံးရေးတို့ကို ကာတွန်းသရုပ်ဖော်ပုံများဖြင့် ပညာပေးထားပြီး တောင်သူများ လိုအပ်သော အကူအညီများကို စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများထံမှ ရယူနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အတူ မြေစိုက်ပိုစတာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်ခင်ရန်းကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာတို့တွင်လည်း စိုက်ထူထားပြီးဖြစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ်အတွင်း တောင်သူအများမြင်နိုင်သော အချက်အချာနေရာများတွင် ဆက်လက်စိုက်ထူသွားမည်ဖြစ်ကြောင်း ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်၏ ပြောပြချက် အရ သိရသည်။

တောင်သားမောင်သန်း