ဝန်းသို၊   ၆   ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၌ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်း နိုင်ရေးအတွက် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း(NEP- National Electrification Plan)အရ မဟာဓာတ်အားလိုင်းနှင့် (၁၀)မိုင်နှင့်အထက် ကွာဝေးသော ကျေးရွာများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မဟာဓာတ်အားလိုင်းမရောက်မီ မီးလင်းနိုင်ရေးအတွက် မဟာဓာတ်အားလိုင်း(ပြင်ပ)မီးလင်းရေး တစ်အိမ်သုံး ဆိုလာစနစ်(Solar Home System) ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ဘုံချောင်းကျေးရွာတွင် တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင်ထားရှိမှုလုပ်ငန်းများအား ဇန်နဝါရီ  ၆  ရက်  နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရသည်။

ဘုံချောင်းကျေးရွာတွင် အိမ်ခြေ(၆၇)အိမ်ရှိပြီး တစ်အိမ်သုံးဆိုလာစနစ်ကို 100 W (25) စုံ၊ 60W (12) စုံကို တပ်ဆင်ပေးခဲ့ရာ ဆိုလာတစ်စုံစီအတွက် ပြည်သူအချိုးကျထည့်ဝင်ငွေအဖြစ် 100 W ဆိုလာစနစ်အတွက် တစ်သိန်း ငါးသောင်း၊ 60W ဆိုလာစနစ်အတွက် ငါးသောင်းစီကို အချိုးကျထည့်ဝင်ရပြီး စီမံကိန်းမှ အလယ်တန်းကျောင်းခွဲ အတွက် ဆိုလာ 380W နှင့် ဆက်စပ်ပစ္စည်း၊ မီးချောင်း (၁၈)ချောင်း၊ မီးသီး(၂)လုံး၊ ဘာသာရေးကျောင်းများဖြစ်သော ဘုန်းတော်ကြီးကျောင်းနှင့် ခရစ်ယာန်ကျောင်းများအတွက် 180 W ဆိုလာနှင့်ဆက်စပ်ပစ္စည်း၊ မီးချောင်း(၆)ချောင်းနှင့် မီးသီး(၃) လုံး၊ ကျန်းမာရေးဆေးခန်းအတွက် 180 W ဆိုလာ နှင့်ဆက်စပ်ပစ္စည်း၊ မီးချောင်း(၅)ချောင်းနှင့် မီးသီး (၁)လုံး၊ လမ်းမီး(၅)တိုင်တို့ကို ၁၀၀ ရာခိုင်နှုန်း အခမဲ့တပ်ဆင်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

မွှေးကြူဇင်