ဒီးမော့ဆို၊ ၆ ဇန်နဝါရီ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆင်တောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့တွင် ဆောင်းသီးနှံ အဖြစ် ကြက်သွန်ဖြူကို စိုက်ပျိုးမှုများပြားလျက်ရှိပြီး တောင်သူအများစု ကြက်သွန်ဖြူထွက်ရှိချိန် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
“ဆင်တောင်ကျေးရွာအုပ်စုမှာ ဆင်တောင်၊ လီဝိုး၊ ခူးပရားထူး၊ အောင်သာယာ၊ ဝီးသဲကူးတောင်၊ ဝီးသဲကူးမြောက်၊ ကပ္ပါယ်ခူနဲ့ နန်းစံခမ်းကျေးရွာဆိုပြီး ကျေးရွာ ၈ ရွာ ရှိပါတယ်။ မိုးတွင်းမှာတော့ မိုးစပါးတွေ၊ တောင်ယာစပါးတွေ၊ အစေ့ထုတ်ပြောင်းတွေကို ပိုစိုက်ကြပါတယ်။ ယခုဆောင်းတွင်း မှာတော့ ဆင်တောင်၊ ကပ္ပါယ်ခူ၊ ဝီးသဲကူးတောင်နဲ့ ဝီးသဲကူးမြောက်ကျေးရွာတို့မှာ ကြက်သွန်ဖြူကို စိုက်ပျိုးကြတယ်၊ ပြီးခဲ့နှစ်ထက် ဒီနှစ်မှာတော့ ကြက်သွန်ဖြူကို ပိုမိုစိုက်ပျိုးကြတယ်” ဟု အုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ က ပြောပြသည်။
ကြက်သွန်ဖြူကို ယခင်နှစ်က ဧက ၂၅၀ ခန့်သာ စိုက်ပျိုးထားပြီး ယခုနှစ်တွင် ဧက ၃၀ဝ နီးပါး ပိုမို စိုက်ပျိုးကြသော်လည်း မိုးတွင်းကာလတွင် မိုးရွာသွန်မှု နည်းပါးသည့်အတွက် အောင်မြင်ဖြစ်ထွန်းမှု နည်းပါး ကြောင်း သိရသည်။
“မိုးစပါးရိတ်သိမ်းပြီး အောက်တိုဘာလမှာ ကြက်သွန်ဖြူကို စစိုက်ပြီး ဒီဇင်ဘာလမှာ အပြီးစိုက်ပျိုးရတယ်။ မိုးနည်းလို့လား မပြောတတ်ဘူး။ စိုက်ရတာလည်း အဆင်မပြေဘူး။ အပင်လည်း သိပ်မသန်ဘူး။ အရင်နှစ်က ကျပ်သိန်း ၆၀ လောက် ရောင်းရမယ်လို့ မှန်းထားတာ ကိုဗစ်ရောဂါ ဖြစ်သွားတဲ့အတွက် အိမ်မှာပဲ ဈေးပေါပေါနဲ့ ရောင်းလိုက်ရတယ်။ ဒီနှစ်တော့ ဈေးကောင်းရမယ်လို့ မျှော်လင့်ပါတယ်” ဟု တောင်သူ ဦးကျော်ရင်က ပြောသည်။
ဆင်တောင်ကျေးရွာအုပ်စုအတွင်း ထွက်ရှိသော ကြက်သွန်ဖြူများသည် ပြည်နယ်အတွင်း ရောင်းချလျက်ရှိ သည့်အပြင် ရှမ်းပြည်နယ်ရှိ ပင်းလောင်း၊ အောင်ပန်းသို့လည်း တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


