သံတောင်ကြီး၊ ၆ ဇန်နဝါရီ   

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၆ ရက်က ရှင်ဂျော့ဂျက်ဘုရားကျောင်းဝင်းအတွင်းရှိ မူကြိုကျောင်းဆောင်၌  ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်က သင်တန်းဖွင့် အမှာစကား ပြောကြား ခြင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်းက အမှာစကားပြောကြားခြင်း၊ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက သင်တန်းဖွင့်လှစ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသူများအား အမှန်တကယ်တတ်မြောက်အောင် ကြိုးစားသင်ယူကြရန်၊ သင်တန်းတွင် သတ်မှတ်ထားသောစည်းကမ်းချက်များအား စနစ်တကျ လိုက်နာဆောင်ရွက်သွားကြရန်၊ လိုအပ်သည်များရှိပါက သင်တန်းတာဝန်ခံများအား အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြပေးရန် ပြောကြားသည် ။

ထို့နောက် သင်တန်းနည်းပြနှင့် သင်တန်းသူများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေဇော်ဝင်းက သင်တန်းစည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။ အဆိုပါ  သင်တန်းကို   သင်တန်းသူ (၂၀) ဖြင့် သင်တန်းကာလ (၁) လကြာ ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်

သူရိန်(မင်းဘူး)