ဟိုပုံး၊ ၆ ဇန်နဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၉၃ ဒသမ ၅၈၃ သန်းဖြင့် ပင်လောင်းမြို့နယ် လုံးပျဉ် ကျေးရွာအုပ်စု နောင်ဝိုး-ကရား-တရွတ်မှူး-ညောင်မှူး-လွယ်ဂွန်းလမ်း (၄/၃)မိုင် အနက်(၁/၀)မိုင် ကျောက်ခင်းပြီး ကျန်(၃/၃)မိုင်မှ (၁/၄)မိုင်အား ကျောက်ခင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိရာ ဟိုပုံးမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် အရည်အသွေး ကောင်းမွန်ရေးအတွက် ဒီဇင်ဘာ ၂၆ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျောက်ခင်းခြင်း လုပ်ငန်း (၁/၄)မိုင်အနက်(၁/၀)မိုင် ပြီးစီးပြီဖြစ်သည်။
အဆိုပါကျောက်လမ်း(၄/၃)မိုင်အား ကျောက်ခင်းခြင်းလုပ်ငန်းပြီးစီးပါက ပင်လောင်းမြို့နယ်တစ်ခုလုံးနှင့် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ တောင်ကြီးမြို့နယ်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့များသို့ သွားလာရန် ယခင်ကထက် ပိုမိုလွယ်ကူမှုရှိပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာကြောင်း ကျေးရွာအုပ်စု(၁)အုပ်စု၊ ကျေးရွာ(၆)ရွာ၊ အိမ်ခြေ(၇၂၀)၊ အိမ်ထောင်စု(၇၂၂)စု၊ လူဦးရေ(၃၆၁၀)ခန့်၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍများ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ယင်းဒေသရှိ တောင်ယာစိုက်ပျိုးသည့် တောင်သူများအနေဖြင့်လည်း မိမိဒေသထွက်ကုန်များအား ဈေးကွက် သို့ အချိန်တိုအတွင်း အလွယ်တကူတင်ပို့ရောင်းချနိုင်ပြီး ဝင်ငွေမြင့်မားလာကာ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည့်အပြင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုသည်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


