တနင်္သာရီ၊ ၆ ဇန်နဝါရီ

    

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့  ချောင်းငယ်ရပ်ကွက် ဦးသီဟအေး အသက်(၄၇ နှစ်) ၏ နေအိမ်အဟောင်းကို ဖျက်၍ အသစ်ဆောက်လုပ်ရန် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက မြေတူးစဉ် အိမ်အဟောင်း၏ အိမ်ဦးတိုင်အရင်းတွင် ရှေးဟောင်းငွေဒင်္ဂါးပြားများအား တူးဖော်တွေ့ရှိကြောင်း သိရသည်။

   

အဆိုပါသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးရာ ဦးသီဟအေး၏ နေအိမ်အဟောင်းအားဖျက်၍ အသစ်ဆောက်လုပ်ရန်အတွက်  ဖောင်ဒေးရှင်းမြေတူးနေစဉ် အိမ်အဟောင်း၏ အိမ်ဦးတိုင်အောက်ခြေ (၃) ပေအနက်ခန့် အရောက်တွင် အချင်း(၈) လက်မခန့် အဝအကျယ်(၃ ဒသမ ၅)လက်မခန့်နှင့် အမြင့်(၈)လက်မခန့်ရှိ စဉ့်အိုးတစ်လုံးကို တွေ့ရှိရပြီး စဉ့်အိုးအတွင်းတွင် ရှေးဟောင်းငွေဒင်္ဂါးပြားများအား တူးဖော်တွေ့ရှိရကြောင်း သိရသည်။

 

တူးဖော်တွေ့ရှိသည့် ရှေးဟောင်းငွေဒင်္ဂါးပြား စုစုပေါင်း(၁၇၂)ပြား၏ အလေးချိန်မှာ (၁၄၃၅ ဒသမ ၉) ဂရမ်ခန့် (၉၂ ဒသမ ၇၅)ကျပ်သားခန့်ဖြစ်ပြီး အဆိုပါငွေဒင်္ဂါးပြားများအား တနင်္သာရီမြို့၊ ဦးသီဟအေး ၏ မိခင်ဖြစ်သူ ဒေါ်သောင်းရီ၏ နေအိမ်၌ ထိန်းသိမ်းထားရှိပြီး ရှေးဟောင်းငွေဒင်္ဂါးပြားများ တွေ့ရှိမှုအား တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က တိုင်းဒေသကြီး ရှေးဟောင်းသုတေသနဦးစီးဌာနသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

   

 နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)