မင်းဘူး၊ ၆ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်မီးသတ်ဦးစီးဌာန အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ဧရာတီမြစ်အတွင်း ရေပြင်ကူညီကယ်ဆယ်ရေး သရုပ်ပြ လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မင်းဘူးမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဧရာတီမြစ်အတွင်း ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရေပြင်အသက်ကယ်ဆယ်ရေး လုပ်ငန်းများကို လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အလျင်အမြန် တုံ့ပြန်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများနှင့်အတူ တပ်ဖွဲ့ဝင်များကို အရန်သင့် ဖွဲ့စည်းထားကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မရွေးဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းက ပြောပြသည်။
မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးအပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် မြေပြင်လေ့ကျင့်ခြင်းနှင့် ရေပြင် လေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် သရုပ်ပြလေ့ကျင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


