ဘားအံ၊ ၆ ဇန်နဝါရီ
ကရင်သက္ကရာဇ်(၂၇၆၀)ပြည့်နှစ်၊ မြန်မာသက္ကရာဇ်(၁၃၈၂)ခုနှစ် ပြာသိုလဆန်း(၁)ရက် ဇန်နဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အနေဖြင့် ကရင်ရိုးရာဂျပ်ခုတ်ဒီဇိုင်းပြိုင်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကျင်းပသွားမည်ဖြစ်ကြောင်း ရက်ကန်းနှင့် သက်မွေးပညာသင်တန်း ကျောင်း (ဘားအံ)မှ သိရသည်။
ကိုဗစ်-၁၉ ကူးစက်မှုများ ရှိနေသေးသည့်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် (ဗဟို)ကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ လူကိုယ်တိုင်လာရောက်ယှဉ်ပြိုင် ဂျပ်ခုတ်ရမည်မဟုတ်ဘဲ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရက်လုပ်ထားသည့် ဂျပ်ခုတ်ထည်များကို ပေးပို့ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။
ပြိုင်ပွဲနှင့်ပက်သက်ပြီး ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း(ဘားအံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဧကရီအောင်အောင်က “ဒီနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့မှာ ကရင်ရိုးရာဂျပ်ခုတ်ပြိုင်ပွဲကို ထည့်သွင်း ကျင်းပသွားမှာဖြစ်ပါတယ်။ အရင်နှစ်တွေကတော့ ပြိုင်ပွဲကို ဘားအံမြို့ပေါ်မှာ အခမ်းအနားနဲ့ ကြီးကျယ် ခမ်းနားစွာကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြိုင်ပွဲဝင်တဲ့သူတွေဟာ ဘားအံမြို့ကိုလာပြီးတော့ ပြိုင်ပွဲကျင်းပခွင့်ရမှာမဟုတ်ပါဘူး။ သူတို့ ရက်လုပ်ထားတဲ့ ဂျပ်ခုတ်ထည်တွေကို ပြိုင်ပွဲကျင်းပရေးကော်မတီဆီ ပေးပို့ပြီးတော့ ပြိုင်ပွဲကျင်းပရေးကော်မတီက သတ်မှတ်ထားတဲ့ စည်းကမ်းချက် တွေနဲ့အညီ အမှတ်ပေးရွေးချယ်ပြီးတော့ ဆုများကို ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ကရင်ရိုးရာဂျပ်ခုတ်ပြိုင်ပွဲကို ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ထည့်သွင်းကျင်းပလာခဲ့သည်မှာ ယခုတစ်ကြိမ် နှင့် ဆိုလျှင် (၃)ကြိမ်ရှိပြီဖြစ်ပြီး ယခုပြိုင်ပွဲကို ဘားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ကော့ကရိတ်မြို့၊ မြဝတီမြို့များမှ ပြိုင်ပွဲဝင်ရန်စာရင်းပေးထားသူ ၃၀ ရှိပြီး ထပ်မံစာရင်းပေးမည့် ပြိုင်ပွဲဝင်အချို့ ကျန်ရှိနေသေး သည်ဟုလည်း သိရသည်။
ပြိုင်ပွဲဝင်များအနေဖြင့် မိမိစိတ်ကြိုက် ကရင်ရိုးရာဂျက်ခုတ်ဒီဇိုင်းများကို အလျား ၃ ပေ၊ အနံ ၁၆ လက်မ ရက်လုပ်ရမည်ဖြစ်ပြီး ကိုယ်တိုင်တီထွင်ဆန်းသစ်ရက်လုပ်ရမည်ဖြစ်ကာ ဈေးကွက်အတွင်းရောင်းချနေသည့် ဒီဇိုင်းများကို ကူးယူရက်လုပ်ခြင်း မပြုရန်၊ ပြိုင်ပွဲဝင် ဂျပ်ခုတ်ရက်ထည်အစများကို ဇန်နဝါရီ ၈ ရက် နောက်ဆုံးထား၍ ရက်ကန်းနှင့် သက်မွေးသင်တန်းကျောင်း(ဘားအံ)ကို ပေးပို့ကြရန်နှင့် ပြိုင်ပွဲဝင်များအား ကျင်းပရေးကော်မတီမှ ချည်တန်ဖိုး သုံးသောင်းကျပ် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဆုရရှိသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထိုက်ထိုက်တန်တန် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


