ဟားခါး၊ ၆ ဇန်နဝါရီ
COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အဘိုးအဘွားများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာနှင့် ဝန်ထမ်းများက ဗေသလဘိုးဘွားရိပ်သာသို့ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ဇန်နဝါရီ ၅ ရက်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက “ကျွန်တော်တို့ ဒီ COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်းမှာ အဘိုးအဘွားများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်ပြီး ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ လှူဒါန်းတာဖြစ်ပါတယ်။ ဟားခါးမှာကတော့ ဘိုးဘွားရိပ်သာက ဗေသလဘိုးဘွားရိပ်သာ တစ်ခုပဲရှိပါတယ်။ အဘိုးအဘွားတွေဆိုတော့ ပိုမိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ လူမှုဝန်ထမ်းအနေနဲ့ အသက်ကြီး ဘိုးဘွားတွေ ပုံမှန်လူမှုရေးပင်စင်ထောက်ပံ့သလို COVID-19 ရောဂါဖြစ်ပွားနေစဉ် အထူး ထောက်ပံ့တာတွေလည်း ရှိပါတယ်”ဟု ပြောပြသည်။
COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြုစေရန်အတွက် ဗေသလ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား (၁)ဦးလျှင် နှာခေါင်းစည်း(Mask)တစ်ဘူး၊ လက်သန့်ဆေးရည်(၁)ဘူး၊ ဆပ်ပြာ(၁)ခဲနှုန်းဖြင့် အဘိုးအဘွားစုစုပေါင်း(၁၄)ဦးအတွက် ထောက်ပံ့ပေးခဲ့ကြောင်း ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)


