စေတုတ္တရာ၊   ၆            ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  မြေနီကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မွမ်းမံရန်ပုံငွေ ကျပ်(၈ ဒသမ ၈)သန်းဖြင့် ကျေးရွာရေရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ဇန်နဝါရီ  ၅  ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများသည် မြေနီကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မွမ်းမံရန်ပုံငွေ ကျပ်(၈ ဒသမ ၈)သန်းဖြင့်  ၂ လက်မ PVC ပိုက်ဖြင့် အရှည်ပေ(၁၀၀၀)ရှိသော စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း၊ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေရှိသော ဂါလန် (၅၀၀၀)ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းနှင့် အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိသော ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။            

အဆိုပါ ကျေးရွာရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာအတွင်းရှိ အိမ်ခြေ(၂၉၃)အိမ်မှ လူဦးရေ (၁၀၀၃)ဦးအတွက်သာမက ကျွဲ၊ နွား တိရစ္ဆာန်များအတွက်ပါ သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေး အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းထံမှ သိရသည်။                                                                                                       

စည်သူလွင်(ပြန်/ဆက်)