ရန်ကုန်၊ ၆ ဇန်နဝါရီ

 

လေးလအကြာ ပိတ်သိမ်းထားသော ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ ယုဇနပလာဇာဈေးကြီးကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်၍ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

 

“ယုဇနပလာဇာက မတ် ၃၁ ရက် သင်္ကြန်မတိုင်ခင်ကတည်းက ကိုဗစ်-၁၉ စဖြစ်တဲ့ကာလမှာ  ပိတ်လိုက်ရသေးတယ်။ အဲတုန်းကတော့ တစ်လခွဲလောက်ပဲ။ နောက် မေ ၁၆ ရက်မှာ ပြန်ဖွင့်တယ်။ အဲတုန်းကလည်း စည်းကမ်းတွေသတ်မှတ်ပြီး ပြန်ဖွင့်ခဲ့တာ။ အဲကနေ ကူးစက်မှုတွေများလာတော့ စက်တင်ဘာ ၁၂ ရက်မှာ ပြန်ပိတ်လိုက်ရတယ်၊ အသိတရား ကိုယ်စီနဲ့ပဲ ပိတ်လိုက်တာပါ။ ပိတ်တာ လေးလလောက် ကြာသွားတယ်။ ခုလိုပြန်ဖွင့်ဖြစ်တာကလည်း စီးပွားရေးတွေက ကျပ်တည်းလာကြတယ်၊ ပြန်လုပ်ဖို့လိုလာပြီ။ ကျန်းမာရေးက ထုတ်ပြန်တာကလည်း ကိုဗစ်-၁၉ နဲ့ ယှဉ်တွဲပြီး စီးပွားရေးလုပ်သွားဖို့ဆိုတော့ အခုလိုဖွင့်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တာပါ” ဟု ယုဇနပလာဇာဈေး အုပ်ချုပ်မှုတာဝန်ခံ ဉီးမင်းမင်းစိုးက ပြောသည်။

 

ယုဇန ပလာဇာဈေးကို ဈေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ ဒုတိယအကျော့တွင် မိမိတို့အသိစိတ်ဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ဒုတိယပတ်တွင် ပိတ်သိမ်းခဲ့ပြီး ယနေ့ပြန်လည်ဖွင့်လှစ်ချိန်တွင် လေးလကြာမြင့်ခဲ့ပြီဖြစ်ကာ ယခုလို ပြန်လည်ဖွင့်လှစ်နိုင်ရေး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့လည်း တင်ပြခဲ့၍ လာရောက်စိစစ်ကာ ခွင့်ပြု၍ ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

“ရောဂါကတော့ မလျော့သေးဘူး၊ ကမ္ဘာမှာ ပြင်းထန်နေဆဲဆိုတာ သိတယ်၊ စီးပွားရေးကတည်း လုံး၀ပစ်ထားလို့ မရတော့ ဒီရောဂါကြားကပဲ ကြိုးစားဆောင်ရွက်သွားဖို့ ရည်ရွယ်ချက်နဲ့ ပြန်ဖွင့်တာဖြစ်တယ်။  ဒီထဲမှာ ကိုယ့်ကိုယ်ကိုလည်း ကာကွယ်၊ ပတ်ဝန်းကျင်ကိုလည်း ကာကွယ်ရင်းနဲ့  အရောင်း၊ အဝယ်လည်းဖြစ်အောင် ဒီမူနဲ့ သွားရမှာပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စည်းကမ်းချက်နဲ့ အညီတော့ လုပ်ဆောင်သွားမှာပါ။ ဒီဈေးမှာက ဆိုင်ခန်းပေါင်း ၂၇၀၀ ကျော်မှာ ဒီမနက် ဆိုင်ခန်း ၅၀၀ လောက် လာဖွင့်တယ်။ ဘယ်ဆိုင်ဖွင့်ပါ ပိတ်ပါလို့တော့ ကန့်သတ်ထားတာမရှိဘူး။ တချို့ကြတော့လည်း စိုးရိမ်ပြီး လာမဖွင့်တာလည်း ရှိတယ်။ ဈေးကိုတော့ နေ့စဉ်ပိုးသတ်ဆေး ဖျန်းတာတွေ လုပ်ပါတယ်။ အားလုံးက စည်းကမ်းတကျနဲ့ သတိရှိရှိ ရောင်း/ဝယ်သွားမယ်ဆိုရင်တော့ အရင်လို ရေရှည်ဖြစ်သွားမှာပါ” ဟု အုပ်ချုပ်မှုတာဝန်ခံက ဆက်ပြောသည်။

 

ဈေးစီမံခန့်ခွဲမှုကော်မတီက ဈေးကြီး ပြန်လည်ဖွင့်လှစ်ရာတွင် ဈေးရောင်းချသူများနှင့် ဆိုင်ခန်းဝန်ထမ်းများ လိုက်နာရန် စည်းကမ်းချက်များချထားပြီး အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိသည်။ အထူးသဖြင့် ဈေးရောင်းချသူများနှင့် ဆိုင်ဝန်ထမ်းများကို ပါးစပ်နှင့် နှာခေါင်းစည်း (Masks) များ လုံး၀(လုံးဝ) တပ်ဆင်ရပါမည်ဖြစ်ပြီး ဖျားနာ၊ ချောင်းဆိုး၊ နှာချေပါက အိမ်တွင်နေရမည်ဖြစ်ကာ ဈေးသို့လာရောက် ရောင်းချခြင်းပြုမည်မဟုတ်ကြောင်း သိရသည်။

 

အလားတူ ဈေးရောင်းချသူနှင့် ဝယ်သူများအကြား လူချင်းနီးကပ်စွာ နေခြင်းမျိုး ရှောင်ကြဉ်ရမည်ဖြစ်ပြီး ဈေးရောင်းချသူနှင့် ဝန်ထမ်းများအတွင်း ပိုးတွေ့လူနာရှိပါက (သို့မဟုတ်) သံသယလူနာ တွေ့ရှိပါက ဆိုင်ခန်းများ ယာယီပိတ်သိမ်းကာ အိမ်တွင်သာ Home Quarantine ခုနစ်ရက် နေထိုင်ရမည်ဖြစ်သည်။ ဈေးဝယ်သူများအတွက် အသုံးပြုနိုင်မည့် လက်သန့်ဆေးရည်၊ တစ်သျှူးများ ထားရှိပေးထားကာ ဈေးရောင်သူများအနေဖြင့် ဈေးသို့လာရောက်တိုင်း သက်သေခံလည်ဆွဲ ကတ်ပြားများ ဆွဲလာရမည် စသည်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လမ်းညွှန်မှုများ ပေးထားကြောင်း ဈေးစီမံခန့်ခွဲမှုကော်မတီမှ သိရသည်။   

 

“ဈေးကြီးပိတ်တာ ကျန်းမာရေးရှုထောင့်က ကြည့်ရင်တော့ မှန်တယ်။ ဒါပေမယ့် တကယ်ကြတော့ စီးပွားရေးက အဆင်မပြေဘူး။ ပထမလှိုင်းတုန်းကလည်း တစ်ခါပိတ်၊ ဒုတိယလှိုင်းလည်းပိတ်ဆိုတော့ အဆင်မပြေဘူးပေါ့။ ဒီမှာက နယ်သမားတွေလည်း မဆင်းဝယ်ကြတော့ဘူး။ သူတို့ အားပြုပြီးရောင်းနေရတာ။ တရုတ်မှာ စဖြစ်ကတည်းက နယ်သမားတွေ မဆင်းတော့ဘူး။ ဆိုင်ခန်းခလည်းထိခိုက်၊ အလုပ်သမားခလည်း ထိခိုက်၊ ဝင်ငွေမှာလည်း ထိခိုက်တယ်။ အားလုံး အထွက်နဲ့ပဲ ရင်ဆိုင်နေရတာ။ ခုလည်းသိပ် မမျှော်လင့်ရဲဘူး။ အလုပ်လုပ်ရတာ လုပ်မယ်လည်းကြံရော အရှိန်ရရင် ထပ်ပိတ်၊ ထပ်ပိတ်နဲ့။  ကျန်းမာရေးအတွက် လုပ်ပေးတာဖြစ်တော့ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ ကံကြမ္မာလို့ပဲ သတ်မှတ်ရမှာပဲ” ဟု ယုဇနပလာဇာမှ  ဒေါ်သန်းသန်းဉီး (ပိုး၀တီအထည်ဆိုင်) က ပြောသည်။

 

ရန်ကုန်မြို့ ယုဇနပလာဇာဈေးကြီးသည် ၁၉၉၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အထပ်ငါးထပ်ရှိကာ အထူးသဖြင့် အထည်အလိတ်၊ ဖုန်းနှင့် ဖုန်းအပိုပစ္စည်းဆိုင်များ၊ ပရိဘောဂပစ္စည်းများကို နိုင်ငံတစ်ဝန်းသို့ လက်လီ၊ လက်ကား ရောင်းဝယ်ဖောက်ကားနေသော ဈေးကြီးဖြစ်သည်။ ဈေးကြီးကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ရောင်းချလျက်ရှိပြီး အပတ်စဉ် တနင်္လာနေ့တွင် ဈေးကြီး၏ မြေညီထပ် တစ်ထပ်တည်းသာပိတ်ပြီး ကျန်အထပ်များကို နေ့စဉ်ပိတ်သိမ်းခြင်းမရှိဘဲ ရောင်းဝယ်ဖောက်ကား ခွင့်ပြုထားကြောင်း သိရသည်။ ယနေ့ ပြန်လည်ဖွင့်လှစ်ချိန်မှာတော့ နံနက် ၉ နာရီမှာ ညနေ ၅ နာရီအထိသာ ရောင်းဝယ်ခွင့် ပြုထားကြောင်း သိရသည်။

 

မောင်စိန်လွင်(မြန်မာ့အလင်း)