နေပြည်တော်၊ ၆ ဇန်နဝါရီ

 

ငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံမှ ငါးများ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှု ကျဆင်းနေသဖြင့် ပြည်တွင်းငါးစားသုံးမှု တိုးတက်စေရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းတင်ပို့နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၇၃၂ ဒသမ ၁၅၆ သန်းရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၅၈ ဒသမ ၈၆၉ သန်းထိ တိုးတက်လာပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တစ်နှစ်လုံးသည် ကိုဗစ်ရောဂါကာလအတွင်း လုပ်ငန်းများ ဆောင်ရွက်ရခြင်း ဖြစ်သဖြင့် ပြည်ပသို့ ငါးအပါအဝင် ရေထွက်ပစ္စည်းတင်ပို့မှုများတွင် အခက်အခဲများ၊ အဆင်မပြေမှုများရှိ သကဲ့သို့ ပြည်တွင်းဈေးကွက်တွင်လည်း ငါးနှင့်ရေထွက်ကုန်ပစ္စည်း စားသုံးမှုများ လျော့နည်းနေသဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်များတွင် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် အစည်းအဝေးပြုလုပ်၍ နှိုးဆော်ရခြင်းဖြစ်ပါကြောင်း။

 

ပြည်တွင်းငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မည်သည့်နည်းလမ်းဖြင့်မဆို ကြိုးစားသွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် သယ်ယူပို့ဆောင်ရေး အဆင်မပြေမှုများ၊ ရောင်းချမှုအဆင်မပြေမှုများ ရှိခြင်းကြောင့် ပြည်တွင်းတွင်လည်း ငါးစားသုံးမှုတိုးတက်လာစေရေး ဝိုင်းဝန်းဆောင်ရွက်စေလိုပါကြောင်း၊ ပုံမှန်အတိုင်းသာ ရေလုပ်ငန်းကဏ္ဍကို အကောင်အထည်ဖော်နိုင်မည်ဆိုပါက နှစ်နှစ်၊ သုံးနှစ်အတွင်း အလွန်တိုးတက်သော ကဏ္ဍတစ်ခုဖြစ်လာနိုင်ကြောင်း၊  ကိုဗစ်-၁၉ ရောဂါကာလအတွင်း၌ပင် ကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို New Normal ပုံစံဖြင့် လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ အားလုံးက ဦးဆောင်စည်းရုံး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ စီးပွားရေးသံမှူးများ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် ငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံမှ  ဝိုင်းဝန်းစဉ်းစား အဖြေရှာ အကြံပြု သုံးသပ်ပေးစေလိုပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ စီးပွားရေးသံမှူးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်

 

mdn