မူဆယ်၊ ၆ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုတွင် အဓိကအသုံးပြုလျက်ရှိသော နှစ်နိုင်ငံအဝင်/အထွက်ဂိတ်ဖြစ်သည့် မူဆယ်မြို့၊ မန့်ဝိန်းဂိတ်ကို စမ်းသပ်ကာလ (၁၀)ရက်အဖြစ် ဇန်နဝါရီ ၅ ရက်မှ နံနက်ပိုင်းမှစတင်၍ ပုံမှန်ဖွင့်လှစ်ကာလထက် အချိန်တိုးမြှင့် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မူဆယ်မြို့၊ (၁၀၅)မိုင်၊ နယ်စပ်ကုန်သွယ်ရေးဌာနမှ သိရသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ၊ နယ်စပ်တာဝန်ရှိသူများ၏ သဘောတူညီချက်အရ ဇန်နဝါရီ ၅ ရက်မှ ၁၄ ရက်အထိ (၁၀)ရက်တာကာလ အတွင်း၌ (၂၄)နာရီ ဖွင့်လှစ်သွားမည် ဖြစ်သည်။
“(၁၀)ရက်တာ ကာလအတွင်းမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြတဲ့ ကုန်တင်ယာဉ်တွေ အားလုံးအဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်မယ်၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းကြရတဲ့အတွက် အင်မတန် ဒုက္ခကြီးပါတယ်၊ ကိုယ်ချင်းလည်းစာပါတယ်၊ နယ်စပ်ဂိတ်ကို အချိန်တိုးမြှင့်ဖွင့်လှစ်ကိစ္စကို ကုန်သည်တွေနဲ့ ယာဉ်မောင်သမားတွေအပြင် အားလုံးကလည်း ကြိုဆိုကြမယ်လို့ မျှော်လင့်ပါတယ်၊ အချိန်တိုးမြှင့်ဖွင့်လှစ်တာတဲ့ နှစ်သစ်မှာ ကုန်သွယ်စီးဆင်းမှုဟာ အများကြီးတိုးလာမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်”လို့ မူဆယ်မြို့၊ (၁၀၅)မိုင်၊ နယ်စပ်ကုန်သွယ်ရေးဌာနမှ တာဝန်ခံညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့် ကာလဖြစ်သော်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးရပ်တန့်မှုမရှိအောင် နည်းလမ်းမျိုးစုံဖြင့် တာဝန်ရှိသူများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုကြောင့် (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်အရ ဘဏ္ဍာနှစ်တစ်ခုလုံးပေါ်တွင် မူဆယ်မြို့၊ နယ်စပ်ဒေသကုန်သွယ်စီးဆင်းမှုကို (၉၈)ရာခိုင်နှုန်းအထိ ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
နယ်စပ်ဂိတ်တစ်ချို့ကို စမ်းသပ်ကာလ (၁၀)ရက်ကြာ အချိန်တိုးမြှင့်ဖွင့်လှစ်သော အချိန်ကာလ အတောအတွင်း၌ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မည့် ပို့ကုန်ယာဉ်များ ဝင်ရောက်မှုအပေါ် ပြန်လည်သုံးသပ်၍ တရုတ်နိုင်ငံ၊ တာဝန်ရှိသူများနှင့် ထပ်မံညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
“(၁၀)ရက်တာကာလအတွင်းမှာ မူဆယ်မြို့မှာ ထောင်ချီစောင့်ဆိုင်းနေကြတဲ့ ပို့ကုန်ယာဉ်တွေရဲ့ ဝင်ရောက်နိုင်တဲ့ အခြေအနေပေါ် မူတည်ပြီးတော့ (၁၀)ရက်ကြာကာလ ပြီးဆုံးပြီးနောက် ဆက်လက်ဖွင့်လှစ်ဖို့ အစီအစဉ်တွေကို နှစ်နိုင်ငံဆက်လက် ညှိနှိုင်းဆောင်ရွက်သွားဖို့ သဘောတူထားပါတယ်၊ နှစ်နိုင်ငံထပ်မံညှိနှိုင်းပြီးတော့ တစ်ပတ်တိုးဆက်ဖွင့်တာတွေ နှစ်နိုင်ငံညှိနှိုင်းမှုအရ ဖြစ်လာမှာပါ”လို့ ဦးမင်းအောင်အေးက ဆက်လက်ပြောကြားသည်။
အလားတူ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ နှစ်နိုင်ငံအဝင်/အထွက်ဂိတ်၊ ကျင်စန်းကျော့ကိုလည်း လက်ရှိဖွင့်လှစ်သည့် မြန်မာစံတော်ချိန် နံနက် ၈ နာရီမှ ညနေ ၆ နာရီ အချိန်ကာလထက် အချိန်တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇင်(မူဆယ်)


