နေပြည်တော် ၆ ဇန်နဝါရီ

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယာယီရပ်နားထားသည့် ဆေးတက္ကသိုလ်သင်တန်းများမှ နောက်ဆုံးနှစ် အပိုင်း(ခ)နောက်ဆက်တွဲအတန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆေးတက္ကသိုလ်(၁)ရန်ကုန်  ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ယခုကဲ့သို့ပြောကြားခဲ့သည်။

 

ကျွန်တော်တို့ ဆေးတက္ကသိုလ်တွေက နောက်ဆုံးနှစ်မှာ အပိုင်း(က) နဲ့ (ခ) ဆိုပြီး ရှိပါတယ်။ အဲဒီမှာ နောက်ဆုံးနှစ် အပိုင်း(ခ)က တကယ်တော့တစ်နှစ်ခွဲတက်ရပါတယ်။ ဒါပေမယ့် အဲဒီမှာ ဆပ်ပလီဆိုတဲ့ အတန်းတစ်တန်း ကျန်နေသေးပါတယ်။ ဆပ်ပလီဆိုတာ သူ့ရှေ့က လူတွေက အောင်သွားတယ်။ ပုံမှန်စာမေးပွဲအောင်ပြီး အခု ဟောက်စ်ဆင်းလို့ ပြီးသွားပြီ။ အဲဒီဟာနဲ့အတူတူက ကျန်ခဲ့တာ ဆပ်ပလီတန်း၊ နောက်ဆက်တွဲတန်းဖြစ်ပါတယ်။

 

အဲဒါက ကျွန်တော်တို့ကျောင်းမှာဆိုရင် ၂၇ ယောက်ရှိပါတယ်။ ကျောင်းသားတစ်ယောက်ချင်းစီကို ကျွန်တော်တို့ အကြောင်းကြားပါတယ်။ အချို့ကလည်း ခရီးလွန်နေတာဆိုတော့ သူတို့ကို အကြောင်းကြားတာတွေ လုပ်နေပါတယ်။ ရောက်လာတဲ့အခါ ဆေးစစ်တာ တွေလုပ်ပြီးရင် သူတို့ကို စာသင်မယ်။ နှစ်ပတ်သင် တစ်ပတ်နားပြီးတော့ နောက်တစ်ပတ်ကျရင် စာမေးပွဲစစ်ပါမယ်။

 

သူတို့က တကယ်တမ်းတော့ ကျောင်းတက်ပြီးသားတွေဖြစ်ပါတယ်။ နောက်ဆက်တွဲဆိုတာက ပုံမှန်ကျောင်းတက်ပြီးသား စာမေးပွဲဖြေဖို့ပဲ ကျန်တော့တဲ့သူတွေဖြစ်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ် အထူးသဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်က အရေးကြီးပါတယ်။ အဲဒါတွေရဖို့အတွက် ဒီသင်တန်းတွေက တစ်ခုပြီးတစ်ခု ဆက်ပြီးဖွင့်သွားမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးအတွက်ကလည်း အရေးကြီးပါတယ်။ ကျောင်းတွေဖွင့်တာကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ အကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။ ကိုဗစ် Negative ဖြစ်တဲ့နေရာတွေမှာပဲ သူတို့ကိုသင်ကြားဖို့ ပြင်ဆင်ထားပါတယ်။ ဗွီဒီယိုကွန်ဖရင့်စနစ်နဲ့ သင်ကြားနိုင်အောင်၊ အွန်လိုင်းကနေ သင်ကြားနိုင်အောင် ပြင်ဆင်ထားပါတယ်။ အွန်လိုင်းနဲ့ Face to Face နဲ့ ပေါင်းပြီး သင်တဲ့နည်းနဲ့ သင်ဖို့ပြင်ဆင်ထားပါတယ်။ 

 

၂၀၂၁ ခုနှစ် ဇန်နဝါရီလတတိယပတ်တွင် ပြန်လည်ဖွင့်လှစ်ပေးမည့် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(ခ)နောက်ဆက်တွဲအတန်းကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ရန်ရှိနေကြောင်း၊ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း(ခ) ပုံမှန်အတန်းကိုလည်း ဖွင့်လှစ်ပေးနိုင်ရန် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှတစ်ဆင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ တင်ပြထားကြောင်း သိရှိရသည်။ 

 

ထက်လျှံ