ရန်ကုန်၊ ၆ ဇန်နဝါရီ

 

ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက စီမံဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးများ ဝယ်ယူနိုင်ရန်အတွက် ငွေကျပ် နှစ်ဘီလီယံ လှူဒါန်းခဲ့သည်။

 

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အတူလက်တွဲ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် မတ်လကတည်းက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ ရောဂါကာကွယ်ဆေးများ ဝယ်ယူရန် အလှူငွေများ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် မတ်လကတည်းက ရောဂါကာကွယ်ကုသရေး လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးနေသည့်အပြင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လိုအပ်သည့်နေရာများသို့ ရောဂါကာကွယ်ကုသရေးပစ္စည်းများအား လှူဒါန်းပေးလျက်ရှိသည်။

 

ထို့ပြင် ရောဂါကူးစက်မှု မြင့်တက်လာသည့်အချိန်တွင် ရောဂါကူးစက်ခံထားရသူများအား ကုသပေးရန် ခုတင် ၁၀၀၀ ဆံ့ ဧရာဝတီစင်တာ (ရန်ကုန်) နှင့် ခုတင် ၃၇၅ ဆံ့ ဧရာဝတီစင်တာ (မန္တလေး) အား တည်ဆောက်ပေးခဲ့သည့်အပြင် လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ နေ့စဉ်စားသောက်နေထိုင်မှုများအား တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။ ဧရာဝတီစင်တာများတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၁၀၀၀၀ ကျော်အား လက်ခံကုသပေးနိုင်ခဲ့ပြီး လူဦးရေ ၂၀၀၀၀ ကျော်ကို ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးနိုင်ခဲ့သည်။ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်သည် ရောဂါကာကွယ်ကုသရေး လုပ်ငန်းများအတွက် ကျပ် ၁၅ ဒသမ ၅ ဘီလီယံ အကုန်အကျခံကာ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေ ၅ ဒသမ ၇ ဘီလီယံအပါအဝင် စုစုပေါင်း ၂၁ ဒသမ ၂ ဘီလီယံ အသုံးပြုထားပြီးဖြစ်ကြောင်း သိရသည်။

 

သတင်း- ရဲရင့်ရှိုင်း

ဓာတ်ပုံ- ကိုမိုး