ဒလ၊ ၇ ဇန်နဝါရီ 


ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ်တွင် သဘာဝဘေးဒဏ်ခံ အဆောက်အဦ တစ်ခု မကြာမီ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ သဘာဝဘေးဒဏ်ခံအဆောက်အဦ (Cyclone Shutter)အား အံ့ကြီးအနောက်ရပ်ကွက်တွင် တည်ဆောက်မည်ဖြစ်ပြီး ငွေကျပ်သိန်းပေါင်း၂၄၀၀၀၀ ကုန်ကျမည်ဖြစ်ကာ သုံးထပ်အဆောက်အဦ ဖြစ် ပြီး ယင်းအဆောက်အဦတွင် သဘာဝဘေးများဖြစ်ပေါ်ပါက ပြည်သူများ ခိုနားရန်နေရာ၊ ဆေးကုသရန်နေရာ၊ နှစ်သိမ့်ဆွေးနွေးရန်နေရာနှင့် ပစ္စည်းထားသိုရန် နေရာများလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။


"ကျွန်တော်တို့ ရပ်ကွက်မှာ လူဦးရေ တစ်ထောင်ကျော်ဆံ့ သဘာဝဘေးဒဏ်ခံ အဆောက်အဦ တစ်လုံးဆောက်မယ်လို့တော့ သိတယ်၊ လူဦးရေ(၁၂၀၀) ဆံ့ပေါ့၊ ပြီးခဲ့တဲ့ရက်ကတော့ တာဝန်ရှိသူတွေ မြေနေရာလာကြည့်ကြတယ်"ဟု အံ့ကြီးအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမြင့်ကပြောသည်။


ဒလမြို့နယ်သည် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်  ခံစားခဲ့ရပြီး နေအိမ် အဆောက်အဦများ ပျက်စီးခြင်း၊ သစ်ပင်များ၊ လျှပ်စစ်ဓါတ်တိုင်များ ကျိုးကျခြင်းများ ရှိခဲ့သော်လည်း ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။


ဒလမြို့နယ်နေ ပြည်သူများအနေဖြင့် ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မီးလောင် ခြင်း စသည်တို့ ဖြစ်ပေါ်တွေ့ကြုံခဲ့ပါက ပြန်လည်တုံ့ပြန်ရင်ဆိုင်နိုင်ရန် မြို့နယ်ကြက်ခြေနီအသင်းနှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများ အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်း၍ သဘာဝဘေးဒဏ်တုံ့ပြန်ရေး အသိပညာပေးခြင်း သဏ္ဌာန်တူလေ့ကျင့်ဇတ်တိုက်ခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။


"ကျွန်တော်တို့ ရပ်ကွက်(၅)ရပ်ကွက်နဲ့ ကျေးရွာ(၅)ရွာမှာ သဘာဝဘေးဒဏ် ပြန်လည်တုံ့ပြန်နိုင်ရေး လေ့ကျင့်မှုတွေ၊ ပညာပေးမှုတွေ ပြုလုပ်ထားတယ်၊ သဘာဝဘေးတစ်ခုခုနဲ့ တွေ့ကြုံခဲ့ရင် စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး အသက်ဘေးကကင်းလွတ်ဖို့ ပြုမူဆောင်ရွက်ရမှာတွေကို အသိပညာတွေ ပေးထားသလို လေ့ကျင့်မှုတွေလည်း ပြုလုပ်ထားတယ်" ဟု မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။


"သဘာဝဘေးဒဏ်ခံ အဆောက်အဦတစ်ခု အံ့ကြီးအနောက်မှာ လာမယ့်ဇန်နဝါရီလမှာ စပြီး ဆောက်ပါမယ်၊ သဘာဝဘေးတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရင် ပြည်သူတွေ ခိုနားနိုင်ဖို့ပါ"ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဒေါ်မြင့်မြင့်ကြည် က ပြောသည်။


မောင်ယဉ်ဦး