ကော့သောင်း၊ ၇ ဇန်နဝါရီ

 

 

ကော့သောင်းမြို့ မြို့သန့်ရှင်းရေးအတွက် မြို့အနှံ့၌ အမှိုက်ပုံးများထားရှိရန် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့က လှူဒါန်းကြောင်း ဇန်နဝါရီ ၆ ရက်က သိရသည်။

 

 

အဆိုပါပရဟိတအဖွဲ့သည် မြို့သန့်ရှင်းသာယာလှပေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ ဈေးများ၊ ကျောင်းများနှင့် ရပ်ကွက်များအတွင်း သန့်ရှင်းရေးလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ထိန်းချုပ်မှုကာလအတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံလူတန်းစားများအား အခြေခံ စားသောက်ကုန်များ လှူဒါန်းပေးခြင်း စသည့်လုပ်ငန်းများကို ပရဟိတလုပ်ငန်းများအဖြစ် အစဉ်တစ်စိုက် ဆောင်ရွက်ပေးလျက်ရှိပြီး လူနေထူထပ်ရာနှင့် လူသူအသွားအလာများပြားရာ နေရာများတွင် မြို့နေပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အထများ ဖြစ်လာစေရေးနှင့် မြို့သန့်ရှင်းသာယာရေး ရည်ရွယ်ကာ အမှိုက်ပုံးကြီးများကို လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

 

ကမ်းနီးအဖြူရောင် ပရဟိတအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ၊ ကျောင်းများ၊ ဈေးများနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် အကြောင်းအမျိုးမျိုးကြောင့် အမှိုက်များရှင်းလင်းရန် လိုအပ်ပါက လိုက်လံကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဖွဲ့ခေါင်းဆောင် ဦးမိုးတိမ် (ခ) ဦးသိန်းနိုင်ဦး၏ ပြောပြချက်အရသိရသည်။

 

 

ကျော်စိုး(ကော့သောင်း)