ဝန်းသို၊ ၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော မြစိမ်းရောင်စီမံကိန်းကျေးရွာများအနက် မော်ခါးကျေးရွာတွင် စတုတ္ထစက်ဝန်းအတွက် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ဇန်နဝါရီ ၇ ရက် နံနက် (၁၀)နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သုံးသပ်ဆွေးနွေးပွဲတွင် ဝက်မွေးမြူရေးလုပ်ကိုင်သူ ဒေါ်ချိုမာက '' ကျွန်မက ဒီစီမံကိန်းက ချေးငွေ ကျပ် လေးသိန်းရပါတယ်။ အဲဒီရတဲ့ငွေနဲ့ ဝက်သားဖောက်ဖို့ ဝက်မဝယ်တယ်။ အဲဒီဝက်မကနေ သားပေါက်(၁၃)ကောင်ပေါက်တယ်။ နို့ခွဲပြီးပြန်ရောင်းတဲ့အချိန် အခုဈေးနဲ့ဆို တစ်ကောင် ကျပ် (၇)သောင်း (၈)သောင်းလောက်ရတယ်။ အားလုံးဆိုရင် ကျပ်(၉)သိန်းနဲ့(၁၀)သိန်းကြားရတယ်။ ကျွန်မတို့မိသားစုက အဲဒီဝက်မွေးတဲ့ဝင်ငွေနဲ့ပဲ မိသားစုစားဝတ်နေရေး ဖြေရှင်းနေပါတယ်''ဟု လုပ်ငန်းကို ရှင်းပြသည်။
စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ဆောင်ရွက်ပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူနှင့် ဝန်ထမ်းများက ပဉ္စမစက်ဝန်းအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ရာ မော်ခါးကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ(၂)ဦးကို ချေးငွေကျပ်(၇)သိန်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ(၉၂)ဉီးကို ကျပ်သိန်း(၃၆၀)၊ အသေးစား ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရန် အသင်းဝင်(၄)ဦးကို ကျပ်(၁၈)သိန်း ပြန်လည်ထုတ်ချေးပေးခဲ့ရာ ချေးယူသူလက်ဝယ်အရောက် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ အဆိုပါစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ပဉ္စမနှစ်စက်ဝန်းရန်ပုံငွေ ပြန်လည်ထုတ်ချေးပွဲအခမ်းအနားတွင် မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများအကြောင်း အသိပညာပေးခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှ သိရသည်။
မွှေးကြူဇင်


