ချောင်းဦး၊  ၇   ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး  ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်စိုက်ပျိုးနည်းပညာပြန့်ပွားရေး စင်တာနယ်မြေ အတွင်းရှိ ကြက်သွန်နီစိုက်ခင်းများသို့ ပိုးမွှားရောဂါ ကျရောက်မှုနည်းပါးစေရန်၊ အထွက်နှုန်းတိုးစေရန်နှင့်  ဓာတုဆေးလျှော့ချ၍ သဘာဝဆေးများ အစားထိုးအသုံးပြုပြီး  စိုက်ပျိုးနိုင်စေရန်   တမာမြိုင်ရပ်ကွက်နှင့် ချောင်းဦးတောင်ရပ်ကွက်ရှိ စိုက်ခင်းများသို့ ဇန်နဝါရီ ၇ ရက် နံနက် ၉ နာရီက ကွင်းဆင်းပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းပညာပေး ဆောင်ရွက်ရာတွင် ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ တာဝန်ခံ ဦးအောင်ဆွေဦး က ကြက်သွန်နီ စိုက်ခင်းများတွင် ကျရောက်တက်သော ဖျက်ပိုး၊ ရောဂါများ ကာကွယ်နှိမ်နင်းနည်းအား ပညာပေးဆွေးနွေးခြင်း၊  ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးသီးနှံများ ထုတ်လုပ်နိုင်ရေးအတွက် ဓာတုဓာတ်ကြွင်း အန္တရာယ်အကြောင်း၊ PHI ( pre Harvest Interval) ကိုလိုက်နာရန်  ဆွေးနွေးပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ချောလေးက  ဓာတ်မြေသြဇာကို အလွန်အကျွံ မသုံးစွဲဘဲ အချိန်ကိုက် အချိုးညီ သုံးစွဲရန်၊ မြေဆီလွှာ ပျက်စီးမှုအန္တရာယ်မှ လျှော့ချနိုင်ရန်နှင့် မြေအစိုဓာတ် ကြာရှည်စွာ ထိန်းသိမ်းထားနိုင်ပြီး ကုန်ကျစရိတ် သက်သာသည့် သဘာဝမြေသြဇာ၊ စူပါဘိုကာရှီ၊  အမြန်သုံး စူပါဘိုကာရှီများ ပြုလုပ်သုံးစွဲရန် ဆွေးနွေး ပြောကြားခဲ့သည်။

 

၎င်းနောက် ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာနယ်‌မြေမှ ကွင်းဆင်းပညာပေး ဝန်ထမ်းများသည် ကြက်သွန်နီ စိုက်ပျိုးချိန်တွင် ဖျက်ပိုး၊ မှိုရောဂါများ ကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်  ကုန်ကျစရိတ်သက်သာသည့် သဘာဝ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အားဆေးပြုလုပ်နည်းနှင့် သုံးစွဲနည်းတို့ကို တက်ရောက်လာသည့် တောင်သူများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

 

ကွင်းဆင်းပညာပေး ဆောင်ရွက်ရာသို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ချောလေး၊ ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ တာဝန်ခံ ဦးအောင်ဆွေဦးနှင့် ကွင်းဆင်းပညာပေး ဝန်ထမ်းများ၊ တမာမြိုင်ရပ်ကွက်နှင့် ချောင်းဦးတောင်ရပ်ကွက်မှ ကြက်သွန်နီ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အိအိအောင်(ချောင်းဦး)