မိတ္ထီလာ၊ ၇ ဇန်နဝါရီ
မိတ္ထီလာမြို့ စည်ပင်သာယာစျေးကြီးအတွင်းရှိ စျေးဆိုင်ခန်းများကို 11KV , 200 KVA ထရန်စဖော်မာ နှင့် 315 KVA ထရန်စဖော်မာများမှ ဖြန့်ဖြူးပေးလျက်ရှိသော ဓာတ်အားလိုင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇန်ဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း စျေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။
မိတ္ထီလာမြို့စည်ပင်သာယာစျေးကြီးအတွင်း ရောင်းချလျက်ရှိသော စျေးဆိုင်ခန်းများတွင် လျှပ်စစ်မီး ဖြန့်ဖြူး ပေးလျက်ရှိသော 11KV,100KVA ထရန်စဖော်မာကို မြို့နယ်စည်ပင်သာယာအဖွဲ့နှင့် စျေးသူ စျေးသားများ စုပေါင်း၍ ၂၀၀၈ ခုနှစ်က တည်ဆောက်ထားခြင်းဖြစ်ပြီး ၎င်း 11KV, 100KVA ထရန်စဖော်မာမှ မီတာတပ်ဆင်ထားရှိသည့် စျေးဆိုင်ခန်းများမှ မီတာ ၃၄၇ လုံးရှိပြီး လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိပြီး စျေးကြီးအတွင်း ရောင်းချလျက်ရှိသော စျေးဆိုင်ခန်းများမှ မီတာတပ်ဆင်ထားသူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာအသုံးပြုနိုင်ရေးနှင့် စျေးဆိုင်ခန်းများမှ မီတာတပ်ဆင်ရန် လျှောက်ထားဆဲ မီတာ အလုံး ၁၈၀ တို့အတွက် အဆင်ပြေစေရေးအတွက် မြို့နယ်စည်ပင်သာယာအဖွဲ့မှ ငွေကျပ် ၇၅ သိန်းနှင့် စျေးသူစျေးသားများ စုပေါင်း၍ ငွေကျပ်သိန်း ၁၇၀ ကျော်တို့ဖြင့် 11KV , 200 KVA ထရန်စဖော်မာနှင့် စျေးအကျိုးတော်ဆောင်အဖွဲ့၏ တင်ပြမှုအရ တိုင်းဒေသကြီးအစီအစဉ်ဖြင့် 315 KVA ထရန်စဖော်မာတို့ကို တပ်ဆင်နိုင်ခဲ့ပြီဖြစ်သည်။
၎င်း 11KV , 200 KVA ထရန်စဖော်မာနှင့် 315 KVA ထရန်စဖော်မာ နှစ်လုံးမှ စျေးဆိုင်ခန်းများအား ဖြန့်ဖြူးပေးလျက်ရှိသော ဓာတ်အားလိုင်းမှ HDBC No.10 ကြေးကြိုးများအစား ဓာတ်အားပြည့်ဝပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကာဗာပါသော ABC Coated Cable 120mm ကြိုးများကို လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာအဖွဲ့နှင့် စျေးသူ စျေးသားများ စုပေါင်း၍ ငွေကျပ် သိန်း ၅၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ 11KV , 200 KVA ထရန်စဖော်မာနှင့် 315 KVA ထရန်စဖော်မာ နှစ်လုံးမှ စျေးဆိုင်ခန်းများအား ဖြန့်ဖြူးပေးလျက်ရှိသော ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီးပါက စည်ပင်သာယာ စျေးကြီးအတွင်း ရောင်းချလျက်ရှိသော စျေးဆိုင်ခန်းများမှ မီတာတပ်ဆင်ထားရှိသူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာအသုံးပြုနိုင်မည့်အပြင် လျှပ်စစ်ဓာတ်အား အသုံးပြုလိုသူများအတွက် ထပ်မံ၍ မီတာတပ်ဆင် ပေးနိုင်တော့မည်ဖြစ်ကြောင်း စျေးအကျိုးတော်ဆောင်အဖွဲ့ဥက္ကဌထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


