ပခုက္ကူ ၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ညောင်ပင်ကျေးရွာအုပ်စု၊ အနောက်နံဂါတ် ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပလတ်စတစ်ခြင်း ရက်လုပ်နည်းသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၇ ရက် နံနက် ၉ နာရီက အဆိုပါ ကျေးရွာ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒေါ်ဇင်နီနီဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်က ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာများ စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းဆရာမ ဒေါ်လှဆင့်က သင်တန်းတွင်ပို့ချ သင်ကြားပေးမည့် အလှခြင်း၊ စတီးချိုင့်ခြင်း၊ (၁၅၊ ၂၁၊ ၂၃၊ ၂၅ နှင့်၂၇) ပင်ခြင်းများ စသည့် ပလတ်စတစ်ခြင်း ရက်လုပ်နည်း ခုနစ်မျိုးအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ ၁၅ ရက်ကြာ ပို့ချသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသူ ၂၀ တက်ရောက် သင်ယူကြမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


