စေတုတ္တရာ ၇ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဖျင်ကြီးကျေးရွာ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (မူလ)ခွင့်ပြုရန်ပုံငွေများဖြင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အပေါကျေးရွာနှင့်  နန်ကြူကျေးရွာများတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရသည်။

ထိုသို့ ကြည့်ရှု့စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၄.၅)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ဖျင်ကြီးကျေးရွာရှိ ဂါလန် (၅၀၀၀) ဆံ့ အုတ်ရေကန်တည်ဆောက် ခြင်း၊ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (မူလ)ရန်ပုံငွေများဖြင့် ချင်းတိုင်းရင်း သားများ ဖွံ့ဖြိုးရေးကုမ္ပဏီမှ တင်ဒါအောင်မြင်ကာ ဆောင်ရွက်နေသော အပေါကျေးရွာတွင် (မူလ)ခွင့်ပြုရန်ပုံ‌ငွေ ကျပ်(၂၂)သန်းဖြင့် အရှည် ၁မိုင် ၄ဖာလုံ ရှည်သော စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း၊ အလျား ၂၅ပေ၊ အနံ၃ပေ၊ အမြင့် ၅ပေရှိသော ရေတားတမံ တည်ဆောက်ခြင်း၊ ဂါလန် (၅၀၀၀)ဆံ့ရေစုကန် တည်ဆောက်ခြင်းနှင့် နန်ကြူကျေးရွာတွင်(မူလ)ရန်ပုံငွေ ကျပ်(၂၈.၂၇)သန်းဖြင့် အရှည် ၂ မိုင်ရှိသော စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း၊ အလျား(၂၅)ပေ၊ အနံ၃ပေ၊ အမြင့် ၅ ပေရှိသော ရေတားတမံ တည်ဆောက်ခြင်းနှင့် ဂါလံ(၅၀၀၀)ဆံ့ ရေစုကန် တည်ဆောက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။            

အဆိုပါ ကျေးရွာရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဖျင်ကြီးကျေးရွာ၊ အပေါကျေးရွာနှင့် နန်ကြူကျေးရွာများအတွင်းရှိ ဒေသခံပြည်သူများအတွက် သောက်သုံးရေများ ဖူလုံစွာ ရရှိနိုင်ရေး အကျိုးပြု နိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်း ထံမှ သိရသည်။

စည်သူလွင်(ပြန်/ဆက်)