အင်းတော်၊ ၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မဲဇာမြို့မနည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေ အတွင်းရှိ သက္ကယ်ကျင်းကျေးရွာ တောင်သူဦးထွေးမောင် GAP စနစ်ဖြင့် သီးထပ်စိုက်ပျိုးထားသော ဆောင်း မြေပဲ စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေ၊ ယာမြေများအတွင်း သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေများတိုးလာအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် နည်းပညာ အခက်အခဲများ ရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံ နိုင်ပါကြောင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို လေ့လာရန် သက်ဆိုင်ရာ နည်းပညာပေးစင်တာနယ်မြေအတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့နောက် သဘာဝပိုးသတ်ဆေး၊ သဘာဝပိုးနှင်ဆေးနှင့် သဘာဝဓာတ်မြေဩဇာများ ပြုလုပ်သုံးစွဲတတ်စေရန် ပညာပေးဆွေးနွေးခဲ့ပြီး GAP စနစ်ဖြင့် စိုက်ပျိုးထားသော ဆောင်းမြေပဲစိုက်ခင်းအား အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် စစ်ဆေးကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခန့်ဇော်ပိုင် (မြို့နယ် ပြန်/ဆက်)


