နေပြည်တော်၊ ၇ ဇန်နဝါရီ

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို ဖွဲ့စည်းပေးခဲ့သည်မှာ ယခုဆိုလျှင် သက်တမ်း(၈)နှစ်ကျော်ပြီ ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အခန်းကဏ္ဍနှင့် ဆောင်ရွက်ရမည့် တာဝန်များ ပိုမိုကြီးမားလာသည်ကို အားလုံးသတိပြုမိကြမည်ဖြစ်ပါကြောင်း၊ လက်ရှိ ပစ္စုပ္ပန်တွင် သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့် ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရန်နှင့် အနာဂတ် မျိုးဆက်သစ်များကို လက်ဆင့်ကမ်းပေးနိုင်ရန် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများ၊ ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကို ရေးဆွဲချမှတ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကဏ္ဍအသီးသီးတွင် ထည့်သွင်းပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ အဓိကတာဝန်ဖြစ်ပါကြောင်း။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို ၂၀၁၂-၂၀၁၃ ခုနှစ်မှစ၍ စတင်တည်ထောင်ခဲ့ရာ ယခုဆိုလျှင် ဝန်ထမ်းအင်အား စုစုပေါင်း (၁၄၁၁)ဦးထိ ရှိလာပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ရုံး (၁၅)ရုံး၊ ခရိုင်အဆင့်ရုံး (၄၅)ရုံးနှင့် မြို့နယ်အဆင့်ရုံး (၇)ရုံး တို့ကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ စွန့်ပစ်ပစ္စည်းဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းစဉ်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းစဉ်များကို အခြေခံပြီး ဆက်စပ်ကအသီးသီးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အစီအမံများကို ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရလဒ်ကောင်းများ ဖော်ဆောင်နိုင်သည် တွေ့ရပါကြောင်း၊ ယခုတက်ရောက်လာသည့် အရာထမ်း/အမှုထမ်းများ အနေဖြင့် ဂုဏ်ယူကြရမည် ဖြစ်ပါကြောင်း၊ အဖွဲ့အစည်း၊ အင်အားဖြည့်တင်းရေးနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့မှ အတည်ပြုထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ (၇)နှစ်ကာလအတွင်း ခရိုင်ရုံး (၄၃)ရုံးနှင့် မြို့နယ်ရုံး (၁၉၄)ရုံး ဖွင့်လှစ်သွားရန် လျာထားချက်အပေါ် ဘဏ္ဍာရေးနှစ်အလိုက် ရုံးများဖွင့်လှစ်နိုင်ရေး၊ ဝန်ထမ်းများ ခန့်ထားနိုင်ရေး၊ ဘဏ္ဍာငွေရရှိရန်အတွက် လုပ်ငန်းအစီအစဉ်များနှင့် ဘဏ္ဍာငွေများကို ထည့်သွင်းလျာထား ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်မည့် ခရိုင်/မြို့နယ်ရုံးများကိုလည်း ဘဏ္ဍာနှစ်အတွင်း အချိန်မီ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

ဒုတိယသမ္မတ ဦးစီးသည့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးကို ဒသမအကြိမ်အထိ ကျင်းပနိုင်ခဲ့ပါကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်များကို ပြည်ထောင်စုဝန်ကြီးဌာနအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ အဆင့်များသာမက ခရိုင်/မြို့နယ်အဆင့်ထိ ကဏ္ဍအသီးသီးတွင် ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရေးအတွက် တစ်စိုက်မတ်မတ် ညှိနှိုင်းဆောင်ရွက်ရန် လိုပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ကဏ္ဍအားလုံးနှင့် သက်ဆိုင်နေသည့်အတွက် ခရိုင်နှင့် မြို့နယ်အဆင့်များတွင် ဆက်စပ်ဌာနများပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန် အလွန်အရေးကြီးပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ရည်မှန်းချက်များ ရရှိရန်အတွက် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန် “အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရန် “ရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်နိုင်ရန် “စွန့်ပစ်ပစ္စည်းဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို အခြေခံ၍ တိုင်းဒေသကြီး/ ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ထည့်သွင်းရေးဆွဲရေးနှင့် အစီအမံများကို မြေပြင်တွင် လက်တွေ့ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ NGO၊ CSO များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သက်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။

 

ထို့ပြင် နယ်ပယ်အသီးသီး၏ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများတွင် ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများကို ရှောင်ရှားလျှော့ချ ထိန်းချုပ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ အစီအမံများ အပါအဝင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်များကို အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ ပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တစ်ချိန်တည်းတွင် အစီအမံများနှင့်အညီ ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရသည့်အတွက် အားရမိပါကြောင်း၊ အချို့သော တိုင်းဒေသကြီး/ ပြည်နယ်များတွင် သတ္တုအသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များကို ခွင့်ပြုဆောင်ရွက်ခြင်းဖြင့် ဒေသခံများ၏ အလုပ်အကိုင်၊ လူမှုဘဝကို အထောက်အကူပြုမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု အနည်းဆုံးနှင့် ထိန်းချုပ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် သတ္တုကဏ္ဍမှ ဌာန/ လုပ်ငန်းများနှင့် ပူးပေါင်း၍ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များကို တင်ပြပြီး ပတ်ဝန်းကျင်ဆိုင်ရာ အစီအမံများကို မပျက်မကွက် ပေါင်းစပ်ဆောင်ရွက်ရန် လိုပါကြောင်း။

 

ထို့ပြင်  ယခုဘဏ္ဍာနှစ် လျာထားချက်ပါ အဆောက်အဦ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းတို့တွင် တင်ဒါလုပ်ထုံးလုပ်နည်းအတိုင်း သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် အဂတိကင်းစွာဖြင့် ဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီတွင် မီးလောင်ကျွမ်းမှုများ ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ လုပ်ငန်းများ အောင်မြင်ရေးအတွက် အရာထမ်း/အမှုထမ်းများကို နည်းပညာသာမက စီမံအုပ်ချုပ်မှုဆိုင်ရာ စွမ်းဆောင်ရည်တိုးမြှင့်စေရန်၊ အဂတိကင်းရှင်းစွာဖြင့် မိမိတာဝန်များကို တာဝန်ယူမှု/တာဝန်သိမှု စိတ်ဓာတ်အပြည့်အဝဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ ဝန်ထမ်းအချင်းချင်းကြားတွင် စည်းလုံးညီညွတ်စွာဖြင့် ခိုင်မာသော ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် ဦးစီးဦးဆောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြည့်စွက်မှာကြားလိုပါကြောင်း။

 

အမျိုးသားအကျိုးစီးပွား ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ် ရည်မှန်းချက်များကို အပြည့်အဝ အကောင်အထည်ဖော် ပေါင်းစပ်နိုင်ရေးအတွက် အတွေ့အကြုံနှင့် သင်ခန်းစာများ၊ အားနည်းချက်နှင့် အားသာချက်များကို အခြေခံ၍ လေ့လာသုံးသပ်ပြီး မူဝါဒနှင့်ဥပဒေဆိုင်ရာ၊ အဖွဲ့အစည်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ EIA အကောင်အထည်ဖော်ရေးနှင့် စောင့်ကြည့်စစ်ဆေး အရေးယူခြင်းဆိုင်ရာ၊ သဘာဝသယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စသည့် ဘက်စုံပါဝင်သော ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပြီး ဦးစီးရုံးချုပ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ ဝန်ထမ်းအားလုံး ချိတ်ဆက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများ၊ တာဝန်ခံများ၊ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ပူးပေါင်းလုပ်ငန်အဖွဲ့ (ပတ်ဝန်းကျင်) တာဝန်ခံများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြန်လည်သုံးသပ်ဆွေးနွေးကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်