ရန်ကုန် ၊ ၇ ဇန်နဝါရီ
မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်သည် ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်ခဲ့သော (၁၂)ကြိမ်မြောက် သက်ကြီးဝါရင့် အားကစားကလောင်ရှင်ကြီးများအား သက်ကြီးပူဇော်ကန်တော့မှုကို ဇန်နဝါရီ ၁၅ ရက်မှစတင်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်မှ သိရသည်။
“အခုကာလက ကိုဗစ်ရောဂါ ဖြစ်နေတဲ့ကာလဆိုတော့ ကန်တော့ပွဲအခမ်းအနား မလုပ်နိုင်ပေမယ့် အစဥ်အလာမပျက် ကန်တော့နိုင်ဖို့ ကျွန်တော်တို့ အဖွဲ့ချုပ်က စီစဥ်ခဲ့တာပါ။ ဒါပေမဲ့ ကိုဗစ်အခြေအနေတွေကြောင့်ပဲ အိမ်ကိုသွားကန်တော့တာ၊ ဒါမှမဟုတ် ကန်တော့အလှူငွေ လွှဲပေးနည်းနဲ့ ကန်တော့တာ၊ ဒါမှမဟုတ် ကိုယ်စားလှယ်နဲ့ လာရောက်ထုတ်ယူတာစတဲ့ နည်းလမ်းတွေနဲ့ ကန်တော့ဖို့ စီစဥ်ထားပါတယ်။ ကန်တော့ခံ ဆရာကြီးတွေကို မေးမြန်းပြီး သူတို့လုပ်စေချင်တဲ့ ညွှန်ကြားချက်အတိုင်း လုပ်သွားဖို့ စီစဥ်ထားပါတယ်” ဟု မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဖေဒီက ပြောသည်။
မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီက ပါဝင်လှူဒါန်းသည့် ကန်တော့အလှူငွေများနှင့်အတူ အသက်(၇၀)နှစ်နှင့်အထက် သက်ကြီးဝါရင့် အားကစားကလောင်ရှင်ကြီး (၂၃)ဦးတို့ကို အလှူငွေများဖြင့် ကန်တော့မည်ဖြစ်ပြီး အသက်(၇၀)အရွယ် အဖွဲ့ချုပ်အသင်းဝင် ပုဂ္ဂိုလ်ကြီး ရှစ်ဦးကိုလည်း ဂါရဝပြု အလှူငွေများ လှူဒါန်းပြီး သက်ကြီးကန်တော့ခံ ပုဂ္ဂိုလ်ကြီးများသည် ဖုန်း-၀၉ ၇၉၅၂၈၇၅၃၅ ထံသို့ မေးမြန်းနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်သည် မြန်မာအားကစားဆိုင်ရာ စာပေများကို ကလောင်စွမ်းဖြင့် ဘဝမြှုပ်နှံကာ အစဥ်တစိုက်ရေးသားခဲ့သည့် အသက်(၇၀)နှစ်နှင့်အထက် လူသိထင်ရှား အားကစားကလောင်ရှင်ကြီးများအား ပူဇော်ကန်တော့ပွဲကို ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဥ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အာကာစိုး


