ရန်ကုန်၊  ၇  ဇန်နဝါရီ

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်ကြီးအား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

 

“ကျွန်တော်တို့ ပံ့ပိုးနိုင်တာမှန်သမျှ အားလုံးပံ့ပိုးပေးတယ်။ သူတို့ကို ကောက်ခံနေတဲ့ စီမံခန့်ခွဲမှုစရိတ်ဆိုတာ မကောက်ခဲ့တာ ကြာပါပြီ။ ပြီးခဲ့တဲ့နှစ် မတ်လထဲကနေ အခုထိ မကောက်ပါဘူး။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်တွေအရ ဆေးနဲ့ပိုးသတ်ရမယ့်အပိုင်းတွေရှိမယ်။ ပါးစပ် နှာခေါင်းစည်းတွေ သုံးရမယ်ဆိုတာမျိုးတွေကို အမြဲတမ်းပံ့ပိုးပေးနေပါတယ်” ဟု YRTA အတွင်းရေးမှူးက ပြောကြားခဲ့ခြင်းဖြစ် သည်။

 

မြို့တွင်းခရီးသွားပြည်သူများအား YBS ယာဉ်များစီးနင်းရာတွင် လက်သန့်စင်ဆေးရည် အသုံးပြုရန်နှင့် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်စီးနင်းစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးကျန်းမာရေး ဉီးစီးဌာနနှင့်  YRTA တို့မှု အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပါးစပ်၊ နှာခေါင်း စည်းတပ်ဆင်ခြင်းမရှိပါက ယာဉ်စီးနင်းခြင်းကို ခွင့်မပြုကြောင်း YBS ယာဉ်ကြီးများတွင် အသိပေးကြေငြာထားကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်ကြီးများ၏ ခရီးသည်စီးနင်းမှု အနေဖြင့် ဇန်နဝါရီလ ၆ ရက်နေ့တွင် ယာဉ်လိုင်းပေါင်း ၁၀၆ လိုင်းမှ ယာဉ်အစီးရေ ၃၂၅၂ စီး ပြေးဆွဲပေးခဲ့ပြီး ခရီးသည် ဦးရေ ၆၁၇၅၀၇ စီးနင်းခဲ့ကြောင်း သိရသည်။ မြို့တွင်းခရီးသွားများ အနေဖြင့် နံနက်နှင့် ညနေရုံးဆင်းချိန်များတွင် စီးနင်းလိုက်ပါမှု များပြားပြီး နေ့လယ်နေ့ခင်းတွင် လိုက်ပါစီးနင်းသူ ခရီးသည်နည်းပါးလေ့ရှိကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် YBS စီးနင်းသူများအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ စီးနင်းမှုနည်းပါးသွားကြောင်း တွေ့ရှိရသည်။  ထို့ပြင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ကျစေရေးအတွက် ခရီးသည်တင် ယာဉ်ကြီးများအား ဘေးမှန်တံခါးဖွင့် မောင်းနှင်စေပြီး လေဝင်လေထွက်ကောင်းမွန်စေရန် စီမံထားကြောင်း သိရသည်။ နေ့စဉ်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းအရေအတွက်နှင့် မော်တော်ယာဉ်အစီးရေမှာ ခရီးသွားပြည်သူများ၏ သွားလာမှုအခြေအနေအရလည်းကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေအရ လည်းကောင်း စီမံပြေးဆွဲနေရခြင်းဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်