ဖားကန့်၊  ဇန်နဝါရီ     

 

                                                                                                                                                                                                                                           

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ လာရောက်သူများအနေဖြင့် Hotel Quarantine နှင့် သတ်မှတ်ထားသော Quarantine စင်တာတို့တွင် နှစ်သက်ရာရွေးချယ်ပြီး မိမိစရိတ်ဖြင့် ခုနစ်ရက်နေကြရမည်ဖြစ်ပြီး ဆက်လက်၍ မိမိနေအိမ်၌ ခုနစ်ရက် ထပ်မံ Home Quarantine ဝင်ကြရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်က ကျင်းပသည့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးမှ သိရသည်။

 

 

ယခင်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ဒေသတွင်း အမှန်တကယ် နေထိုင်သူဖြစ်ကြောင်း ထောက်ခံချက်များ လိုအပ်သော်လည်း ယခုအခါ ထောက်ခံချက်များ မလိုအပ်တော့ဘဲ မည်သည့်ဒေသမှ လာသည်ဖြစ်စေ Quarantine ဝင်ရောက်နိုင်ပါက ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး လာရောက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ကချင်ပြည်နယ်ပြင်ပမှ လာရောက်ကာ မြစ်ကြီးနားမြို့၌ ခုနစ်ရက် Quarantine ဝင်ရောက်ပြီး ကိုဗစ်-၁၉ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သူများအနေဖြင့် ဖားကန့်မြို့နယ်သို့ လာရောက်ပါက ခုနစ်ရက် Home Quarantine ဝင်ရောက်ကြရမည်ဖြစ်သည်။

 

 

ဖားကန့်မြို့နယ်၌ Hotel Quarantine စင်တာအဖြစ် လုံးခင်းကျေးရွာအုပ်စု၊ မော်စီစာကျေးရွာရှိ Sky ဟိုတယ်နှင့် ဆိပ်မူကျေးရွာရှိ ရှင်းရင်ဟိုတယ်တို့ကို စီစဉ်ထားပြီး မြို့နယ်မှစီစဉ်ထားသည့် Quarantine စင်တာ ၉၁ ခုရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

 

ဖားကန့်မြို့ရှိ ရပ်ကွက် ငါးခုနှင့် လုံးခင်းကျေးရွာအုပ်စု၊ နမ္မဖြစ်ကျေးရွာအုပ်စု၊ ဆိပ်မူကျေးရွာအုပ်စုတို့သည် Stay at Home အစီအစဉ်တွင် ပါဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည်။

 

 

လက်ရှိဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် သေဆုံးသူတစ်ဦး၊ ပိုးတွေ့သူ ၄၁၂ ဦးရှိပြီး ဆေးရုံ၌ ကုသမှု ခံယူနေသူ ၂၉ ဦး ရှိကြောင်း သိရသည်။

 

 

တာလင်းမောင်(ပြန်/ဆက်)