ပုသိမ်၊ ၈ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပင်မအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီက ပုသိမ်မြို့ တိုင်းဒေသကြီးလွှတ်တော် ပင်မအဆောက်အအုံသစ် ဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က အမှာစကား ပြောကြားပြီး ပင်မအဆောက်အအုံသစ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မူဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစန်းထွေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး တိုင်းဒေသကြီးလွှတ်တော်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် လွှတ်တော်ပင်မအဆောက်အအုံသစ် ကမ္ပည်းမော်ကွန်းကျောက်စာအား တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစန်းထွေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဌေးအောင်နှင့် လွှတ်တော် ကိုယ်စားလှယ်များက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ လွှတ်တော်ပင်မ အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် တာဝန်ရှိသူများက အမှတ်တရ သစ်ပင်များ စိုက်ပျိုးပေးကြသည်။
ပင်မလွှတ်တော်အဆောက်အအုံ၏ မြေနေရာအကျယ်အဝန်းမှာ ၁၂ ဒသမ ၆၇ ဧက ကျယ်ဝန်းပြီး အဆောက်အအုံ အကျယ်အဝန်းမှာ ၇၃၄၅၅ စတုရန်းပေရှိကာ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် ၅ ဒသမ ၇၂ ဘီလီယံဖြင့် Amenity Design Group ၏ ဒီဇိုင်းကို Golden Gate lnt’l Devlopment Co. Ltd. က တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်သည်။
မင်းထွန်ဇော်


