၈ ဇန်နဝါရီ
ဂျာမနီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ခဲ့ပြီး ယခုချိန်အထိ လူဦးရေ ၄၁၇၀၀၀ ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ကြောင်း ရောဘတ်ကို့ချ်အင်စတီကျု့က ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
အာကေအိုင် အဖွဲ့အစည်း၏ အချက်အလက်အရ ကျန်းမာရေး ဝန်ထမ်းဦးရေ ၂၀၁၀၀၀ ကျော်နှင့် ဘိုးဘွားရိပ်သာများတွင် နေထိုင်သူဦးရေ ၁၆၈၀၀၀ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်သည်ဟု သိရသည်။
ကနဦး ကာကွယ်ဆေးများ မလုံလောက်သေးသဖြင့် အသက် ၈၀ ကျော်အရွယ်ရှိသူများ၊ ဘိုးဘွားရိပ်သာမှ ဝန်ထမ်းများနှင့် အဘိုးအဘွားများသည် ကာကွယ်ဆေး ထိုးနှံမည့် ဦးစားပေး အုပ်စုများအဖြစ် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း ဂျာမနီ အစိုးရအဖွဲ့က ပြောကြားခဲ့သည်။
ခုခံမှုအား အနည်းဆုံးသူများကို ပထမဆုံး ကာကွယ်ပေးလိုကြောင်း၊ စောင့်ရှောက်မှု လိုအပ်သူများနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေး ထိုးနှံပြီးသည်နှင့် ကူးစက်ရောဂါများ ပျောက်ကွယ်သွားမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့ကပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အမေရိကန် Moderna ဆေးဝါးကုမ္ပဏီက ထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဉရောပဆေးဝါး အေဂျင်စီက အပြုသဘောဆောင် ထောက်ခံခဲ့ပြီးနောက် ဉရောပကော်မရှင်က ဗုဒ္ဓဟူးနေ့က ဒုတိယမြောက် ကာကွယ်ဆေးအဖြစ် အတည်ပြုခဲ့သည်။
အတည်ပြုထားပြီး ဖြစ်သော Pfizer-BioNTech ကာကွယ်ဆေးကို ယခုနှစ်တွင် ဆေးပမာဏ သန်း ၁၃၀ ခန့်ရရှိရန် မျှော်မှန်းထားသည်ဟု ကျန်းမာရေးဝန်ကြီးက ပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
