ဝန်းသို၊ ၈ ဇန်နဝါရီ
GAP-Good Agricultural Practices (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ) စိုက်နည်းစနစ်ဖြင့် ဖရဲသီးနှံ စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းပိုက ဖရဲသီးနှံစိုက်ပျိုးရာတွင် နိုင်ငံတော်မှ ခွင့်ပြုထားသော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို သုံးစွဲကြရန်၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သီနှံအရည်အသွေး ကောင်းမွန်ရေး၊ လုပ်သားကျန်းမာရေး ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူမှုဘဝ သာယာဝပြောရေးတို့ကို အစဉ်ရှေးရှု၍ GAP စိုက်စနစ်နှင့်အညီ စိုက်ပျိုးထုတ်လုပ်ကြရန် ရှင်းလင်းပြောကြားပြီး ဖရဲစိုက်တောင်သူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဆောင်းသီးနှံ စုစုပေါင်း ၂၄၂၀၇ ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ ဖရဲသီးနှံကို လက်ရှိစာရင်းအရ ကျေးရွာအုပ်စု ၁၀ အုပ်စုတွင် လယ် ၄၁၇ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင်(ပြန်/ဆက်)


