ရွှေဘို၊ ၈ ဇန်နဝါရီ
(Korea- Koica) အထောက်ပံ့ဖြင့် စွမ်းအားမြှင့် မီးဖိုဖြန့်ဖြူးခြင်း အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ကျေးရွာ သစ်လှုပ်ရှားမှုစီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်(ကျောက်မြောင်းမြို့) မလားကျေးရွာနှင့် ရွှေတိုက်ကျေးရွာတို့တွင် ကာလ ၂ နှစ်ဖြင့် ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ကျေးရွာသူ/သားများ၏ လူနေမှုဘဝ မြင့်မားလာစေရန်၊ ဝင်ငွေတိုးပွားလာစေရန် ပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် စုပေါင်းဆုံးဖြတ်ချက်များအားဖြင့် ရပ်ရွာအခြေပြု ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး နည်းလမ်းများ ဖွံ့ဖြိုးလာစေရန် စီမံကိန်းအား ဖော်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“ ကျေးရွာနေ ပြည်သူတွေရဲ့ တိမ်မြုပ်နေတဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးတဲ့ လုပ်ငန်းတွေပါတယ်၊ ကျေးရွာနေ ပြည်သူတွေရဲ့ ဝင်ငွေတိုး လုပ်ငန်းတွေလုပ်နိုင်ဖို့ ထောက်ပံ့ပေးတဲ့ငွေတွေနဲ့ ဝင်ငွေတိုး စီပွားရေး လုပ်ငန်းတွေကို အတိုးနှုန်းချိုသာစွာနဲ့ ထုတ်ချေးပေးတဲ့ အစီအစဉ်တွေပါတယ်၊ ရရှိလာတဲ့ အတိုးတွေကို ကျေးရွာရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အချိုးကျအသုံးပြုတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
၎င်းစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာတစ်ရွာလျှင် အမေရိကန်ဒေါ်လာ (၂၀၀၀၀) နှုန်းထောက်ပံ့ကာ စီမံကိန်းကာလ ၂ နှစ်ဖြင့် ဖော်ဆောင်လုပ်ကိုင်ခဲ့ရာ ယခု ဘဏ္ဍာရေးနှစ်သည် စီမံကိန်းဒုတိယနှစ်ကို ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


