ဝါရှင်တန်၊ ၈ ဇန်နဝါရီ
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ကွန်ဂရက် အဆောက်အအုံအား သမ္မတဒေါ်နယ် ထရမ့် ထောက်ခံသူတွေက ဇန်နဝါရီ ၆ ရက်နေ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှု အတွင်း ဒဏ်ရရှိခဲ့တဲ့ လွှတ်တော် အဆောက်အအုံနဲ့ ဝါရှင်တန်ဒီစီ ရှိတဲ့ အစိုးရ အဆောက်အအုံတွေရဲ့ လုံခြုံရေးကို တာဝန်ယူထားတဲ့ ရဲသားတစ်ဦး ကြာသပတေးနေ့မှာ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
သေဆုံးသူ ရဲအရာရှိဟာ ဘရိုင်ယန် စစ်နစ်ခ် ဖြစ်ပြီး ၁၂ နှစ်ကြာ စစ်တပ်မှာ ဝန်ထမ်းဆောင်ဖူးတဲ့ စစ်သားဟောင်းဖြစ်ကြောင်း သိရပါတယ်။ ဘရိုင်ယန် စစ်နစ်ခ် ဟာ စီးနင်းတိုက်ခိုက်မှု အတွင်းမှာ ဒဏ်ရာရရှိခဲ့ပြီး သူ့ရုံးခန်းကို ပြန်အရောက်မှာ လဲကျသွားခဲ့တဲ့အတွက် ဆေးရုံတင် ကုသခဲ့ကြောင်း၊ အဲဒီဒဏ်ရာတွေနဲ့ ကြာသပတေးနေ့ ညပိုင်းမှာ သေဆုံးကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကွန်ဂရက် အဆောက်အအုံကို စီးနင်းကြသူတွေထဲမှ ၄ ဦး သေဆုံးကြောင်း၊ သေဆုံးသူ အမျိုးသမီး တစ်ဦးဟာ ရဲတပ်ဖွဲ့ဝင် တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ကွန်ဂရက် အဆောက်အအုံကို ဝင်ရောက်စီးနင်းမှုနဲ့ ပတ်သက်ပြီး လူပေါင်း ၈၂ ဦး ဖမ်းဆီးထားကြောင်း ကြာသပတေးနေ့ နှောင်းပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP
