မြင်းခြံ၊  ၈  ဇန်နဝါရီ  

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် အိန္ဒိယဝါမျိုးစိုက်ခင်းများ လှိုင်လှိုင်ပေါ်လျက်ရှိပြီး ယခင်နှစ် များထက် အထွက်နှုန်းလျော့ကျသော်လည်း ဈေးနှုန်းကောင်းမွန်ခြင်းကြောင့် တွက်ခြေကိုက်ကာ ဝါစိုက်တောင်သူများ အဆင်ပြေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ဒေသမှာ ဝါစိုက်ခင်းတွေ လှိုင်လှိုင်ပေါ်ပြီး ဝါကောက်နေကြပြီ။ ယခင်နှစ်တွေက အိန္ဒိယ ဝါမျိုး တစ်ဧကစိုက်ရင် ပိဿာချိန် ၆၀၀ / ၇၀၀ ကျော်လောက်ထွက်တယ်။ ဒီနှစ် နောက်ပိုင်း မိုးမကောင်းတော့ အထွက်နည်းတယ်။ တစ်ဧက ပိဿာချိန် ၄၀၀ ကျော်လောက်ပဲ ထွက်တယ်။  ဈေးနှုန်းကတော့ မဆိုးပါဘူး။ ရွာမှာတင် တစ်ပိဿာ ငွေကျပ်(၁၄၀၀/၁၅၀၀) ဈေးပေါက်တယ်။ ခုချိန်ကတော့ ဝါကောက်တဲ့အချိန်ဆိုတော့   ၅ ရက်ခြားတစ်ခါလောက် ကောက်တယ်။ ၇ ရက်ခြား တစ်ခါလည်း ကောက်တယ်။ ဒီလကုန်လောက်ထိတော့ ကောက်ရမှာပါ။ တစ်ဧကစိုက်ပျိုးစရိတ် နှစ်သိန်းကျော် ကုန်ကျတယ်။ ရသာ၊ ဖက်ရင်း၊ လေးတန်း၊ ဇီးပင်ကန်၊ ကျောက်ကန် စတဲ့ ကျေးရွာတွေကတော့ တော်တော်များများ ပေါ်ကုန်ပြီ။ ဒီဒေသကထွက်ရှိတဲ့ ဝါတွေကိုတော့ ရွာမှာတင် ပွဲစားနဲ့ ရောင်းတာရှိသလို၊ မြင်းခြံမြို့၊ မန္တလေးမြို့တွေကို ပို့ဆောင်ရောင်းချကြတယ်။ အရင်နှစ်ကထက် အထွက်နှုန်းလျော့ကျပေမယ့် ဝါဈေးနှုန်းကောင်းလို့ အဆင်ပြေပါတယ်” ဟု ဖက်ရင်းကျေးရွာမှ ဝါစိုက်တောင်သူတစ်ဦးက ပြောပြသည်။ 

မြင်းခြံမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိပြီး သီးနှံစိုက်ပျိုးခြင်းကို အများဆုံးလုပ်ကိုင် လျက်ရှိရာ ကြက်သွန်၊ မြေပဲ၊ နှမ်း၊ ဝါ၊ ပဲစင်းငုံ၊ ပြောင်း၊ ကုလားပဲ၊ ပဲတီစိမ်း၊ ဖရဲ၊ သခွား၊ ခရမ်းချဉ် အစရှိသော သီးနှံများ အများဆုံးစိုက်ပျိုးလျက်ရှိပြီး ဝါစိုက်တောင်သူများ မနှစ်ကထက် အထွက်နှုန်းနည်းသော်လည်း ဝါဈေးကောင်း၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)