နေပြည်တော် ၊ ၈ ဇန်နဝါရီ
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ(၁/၂၀၂၁) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ က Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေး ဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၁)သို့ ပေးပို့သည့်အမှာစကား Video ကို ပြသသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် အမှာစကားကို သီးခြားဖော်ပြထားပါသည်။)
ထို့နောက် ဒုတိယသမ္မတ က အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ်တွင် စတင်ကျင်းပသည့် ယနေ့အစည်းအဝေး၏ ရည်ရွယ်ချက်မှာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေးဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြရန်နှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ မကြာမီ နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် ပြင်ဆင်ဆောင်ရွက်ထားကြရမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည် ဖြစ်ပါကြောင်း။
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုသည် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး၏ လူမှုစီးပွားရေးကဏ္ဍအားလုံးကို သက်ရောက်မှုရှိခဲ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် အပြင်းထန်ဆုံး အကျိုးသက်ရောက်မှုဖြစ်ပေါ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ခရီးသွားလုပ်ငန်းကို မှီခိုနေသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံး မှုများစွာ ဖြစ်ပေါ်ခဲ့ရပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယားများအရ ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ပတ်သက်သည့်အလုပ်အကိုင် သန်း (၁၀၀)ခန့် ဆုံးရှုံးနေသည်ဟု သိရှိ ရပါကြောင်း၊ အမျိုးသမီးများနှင့် လူငယ်အများစု လုပ်ကိုင်နေသော အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းအပေါ် အဓိကထိခိုက်နေပြီး စီးပွားရေးအခြေအနေ၊ လူမှုရေးနှင့် ကျန်းမာရေး အခြေအနေများကိုသာမက ယဉ်ကျေးမှုကဏ္ဍမှ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်မှုများနှင့် လူမှုအသိုင်းအဝိုင်းများအပေါ်၌ပါ ဖိအားပေးမှုနှင့် ရေရှည်အကျိုး ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၌ COVID-19 ရောဂါ စတင်ရောက်ရှိလာချိန်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွန်မှုနှင့်အညီ အမျိုးသား ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီသည် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) ၏ နောက်ဆက်တွဲအဖြစ် အဆင့်(၃)ဆင့်ပါ၀င်သည့် COVID-19 မြန်မာ့ခရီးသွား လုပ်ငန်းထိခိုက်မှုသက်သာရေးစီမံချက် (၂၀၂၀)ကို ရေးဆွဲအတည်ပြုချက်ရယူ၍ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။
ပထမအဆင့်ဖြစ်သည့် Survival တွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ၏ လိုင်စင် ကြေးများကို တစ်နှစ်တာ ကင်းလွတ်ခွင့်ပြုပေးခဲ့ရာ ဟိုတယ်နှင့် တည်းခိုခန်းများ သက်သာခွင့် ငွေကျပ်သန်း ၅၀၀ ကျော်၊ ခရီးလှည့်လည်ရေးလုပ်ငန်းများ သက်သာခွင့် ငွေ ကျပ်သန်း ၄၅၀ နီးပါးနှင့် ဧည့်လမ်းညွှန်များ သက်သာခွင့် ငွေကျပ် သန်း ၁၀၀ နီးပါး ရရှိစေခဲ့ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများက ပေးဆောင်ရန်ရှိသည့် အခွန်အခများကို (၆)လရွှေ့ ဆိုင်းပေးခဲ့ ပါကြောင်း၊ FDI ဟိုတယ်များ၏ ငှားရမ်းခ ၅၀ ရာခိုင်နှုန်းကို (၉)လ အထိ လျှော့ချပေးခဲ့ရာ အမေရိကန်ဒေါ်လာ ၆ သန်းနီးပါး သက်သာခွင့် ရရှိခဲ့ပြီး နိုင်ငံပိုင် ဟိုတယ်များအနေဖြင့် ငွေကျပ်သန်း ၁၈၀၀ နီးပါး သက်သာခွင့်ရရှိစေခဲ့ ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း များအတွက် တစ်နှစ် ချေးငွေ ၁ ရာခိုင်နှုန်း အတိုးဖြင့် ငွေကျပ်သန်း ၂၁၀၀၀ ကျော် ရရှိရေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ခရီးသွား လုပ်ငန်းများ ရပ်တန့်သွားရမှုကြောင့် အလုပ်လက်မဲ့ဖြစ်ရ သည့် ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းများမှ ၀န်ထမ်းများနှင့် ဆက်စပ်လုပ်ငန်းများမှ အခြေခံပြည်သူများ ဝင်ငွေရရှိ စေရန် ခရီးသွားလုပ်ငန်းအခြေခံနှင့် အဆင့်မြင့် cash for training သင်တန်းများ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်သူ ၃၀၀၀ နီးပါးကို သင်တန်း ၁ ရက်လျှင် ငွေကျပ် ၄၈၀၀၊ နည်းပြအဖြစ် ဆောင်ရွက်ပေးသော ဧည့်လမ်းညွှန်များနှင့် ဝါရင့်ဟိုတယ်နှင့်ခရီးသွား၀န်ထမ်း ၁၂၀၀ နီးပါး ကို ငွေကျပ်တစ်သောင်း ချီးမြှင့်ပေးခဲ့ပါကြောင်း၊ Cash for training အတွက် ငွေကျပ် သန်း ၂၃၀ အသုံးပြုပေးခဲ့ပါကြောင်း။
ဒုတိယအဆင့် Reopening တွင် ပြည်တွင်းခရီးသွားများနှင့် လုပ်ငန်းပြန်လည် စတင်ရာ၌ ခရီးသွားများနှင့် ၀န်ဆောင်မှုပေးမည့်၀န်ထမ်းများ ဘေးကင်းလုံခြုံစေရန် ကျန်းမာရေး နှင့် အားကစား၀န်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာနတို့က ထုတ်ပြန်ထားသော COVID 19 ကပ်ရောဂါ ထိန်းသိမ်းကာကွယ်ရေး လမ်းညွှန်မှုများကို စုပေါင်းထုတ်ပြန် ထားသည့် COVID 19 ရောဂါ ကင်းဝေးရေးဆိုင်ရာ အမျိုးသားခရီးသွားလုပ်ငန်းလမ်းညွှန်ကို လက်စွဲအဖြစ်ထုတ်ပြန်၍ သင်တန်းများပေးခြင်း၊ လိုက်နာစိစစ်မှုဆောင်ရွက်၍ လုပ်ငန်း ပြန်လည်စတင်ခွင့်ပေးခြင်းတို့ကို ဒေသန္တရအာဏာပိုင်များ၊ ဆက်စပ်၀န်ကြီးဌာနမှ တာ၀န်ရှိ သူများနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ပါကြောင်း၊ ပြည်တွင်း၌ လုံခြုံစိတ်ချစွာ ခရီးသွားနိုင်သော destination များအကြောင်းကို social media မှတဆင့် ပြည်တွင်းခရီးသွားများ သိရှိအောင် digital marketing ဖြင့် လုပ်ဆောင်ခဲ့ပါကြောင်း။
တတိယအဆင့် Relaunching ဆောင်ရွက်နိုင်ရန် နိုင်ငံတကာခရီးသွားများ မြန်မာ နိုင်ငံကို safe tourism destination အဖြစ် ယုံကြည်စိတ်ချလာစေရန် ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီ အသိအမှတ်ပြုတံဆိပ်ရရှိရေးကို ဦးတည်သည့် Enchanting Myanmar Health & Safety Protocol ကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ရေးဆွဲတင်ပြ အတည်ပြုချက်ရယူပြီးဖြစ်ပါကြောင်း၊ ယင်း protocol နှင့် အညီ ဘေးကင်းလုံခြုံစွာ ခရီးသွားနိုင်ကြောင်းကို အများပြည်သူ သိမြင်လက်ခံလာရန် non-landing sightseeing flight နှင့် river cruise များကို ယခင်လကစ၍ Public Relation Campaign အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ caravan tour နှင့် day trip flight to ငပလီ နှင့် ပုဂံကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ယင်း protocol နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရန်၊ သင်တန်းပေးရန်နှင့် လုပ်ငန်းလုပ်ဆောင်မှုကိုစစ်ဆေးရန် လိုအပ်သော ကျွမ်းကျင်သူများမွေးထုတ်ရေး ကျန်းမာရေးနှင့်အား ကစား၀န်ကြီးဌာန၏ လမ်းညွန်မှုများနှင့်အညီ ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ cash for training သင်တန်းများ စတင်ပို့ချပေးနေပါကြောင်း၊ သင်တန်းဆရာ ၃၀၀ ဉီး နှင့် ဆင့်ပွား သင်တန်းတက်ရောက်သူ ၁၀၀၀ ကျော်ကို ငွေကျပ်သန်း ၁၄၀ အသုံးပြုသင်ကြားပို့ချသွား မည်ဖြစ် ပါကြောင်း၊ တစ်ဖက်တွင် International flight များ စတင်ပျံသန်းရေး နိုင်ငံခြား ရေး၀န်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၀န်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် ဟိုတယ်နှင့်ခရီးသွား လာရေး၀န်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းမှုများ လုပ်ဆောင်နေပါ ကြောင်း၊ Business traveller များနှင့်စတင်၍ package tour များကို COVID-19 ရောဂါ ကူးစက်မှု ထိန်းသိမ်းနိုင်သည့် နည်းလမ်းများဖြင့် မိတ်ဖက်နိုင်ငံများအကြား travel bubble များအဖြစ် စတင်ဆောင်ရွက်နိုင်ရန် ပြင်ဆင် နေပါကြောင်း။
COVID-19 ကူးစက်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် စီးပွားရေး ဆိုင်ရာ သက်ရောက်မှုများ ဖြစ်ပေါ်ရသည်မှာ မှန်ကန်သော်လည်း တစ်ဖက်တွင် ခရီးသွားများ အတွက် ကျန်းမာရေးဆိုင်ရာလုံခြုံမှုရှိပြီး တာဝန်ယူမှုရှိသော ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက် ရေး၊ ခရီးသွားလုပ်ငန်းအနေဖြင့် သဘာဝသယံဇာတများနှင့် ဂေဟစနစ် အပေါ် သက်ရောက်မှုကို လျှော့ချပြီး ခရီးသွားလုပ်ငန်းမှ ရရှိသောအကျိုးအမြတ်များကို မျှတစွာ ခွဲဝေသုံးစွဲနိုင်အောင် စီမံခန့် ခွဲရေးအခွင့်အလမ်းများကိုလည်း ဖြစ်ပေါ်စေပါကြောင်း၊ ရေရှည် တည်တံ့ဖွံ့ဖြိုးရေး ရည်မှန်းချက် များ (Sustainable Development Goals)နှင့်အညီ သဘာဝ အရင်းအမြစ်များအပေါ် မှီခိုနေရ သည့် အခြေအနေမှ လွတ်မြောက်ရေးနှင့် ပိုမို ဒဏ်ခံနိုင်ပြီး အားလုံးပါဝင်သော ခရီးသွားလုပ်ငန်း ကို အကျိုးရှိစွာ အသုံးချနိုင်မည့် အနာဂတ်သို့ ရောက်ရှိစေရေး ခရီးသွားလုပ်ငန်းနယ်ပယ်မှ Stakeholders များအကြား စည်းလုံးညီညွှတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း။
တစ်ကမ္ဘာလုံးရှိ ခရီးသွားလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးအတွက် ဦးဆောင်မှုပေး နေသော အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် (၃)ရပ်အဖြစ် စီးပွားရေးလုပ်ငန်း များကို ထောက်ပံ့ပေးခြင်း၊ အလုပ်အကိုင်များဖန်တီးပေးခြင်းဖြင့် လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှုများ ကိုလျှော့ချရေးဆောင်ရွက်ရန်၊ ခရီးသွားလုပ်ငန်းကို လုံခြုံစိတ်ချစွာ ပြန်လည်စတင်ရေးနှင့် ကုစားမှုပေးရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ခရီး သွားများအတွက် လုံခြုံစိတ်ချမှုပေးနိုင်သော နိုင်ငံတကာစံနှုန်းများ ရေးဆွဲခြင်းဖြင့် ခရီးသွားလာ သူများ၏ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးရန်တို့ ကို ချမှတ်ခဲ့ပါကြောင်း။
ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးအစီအစဉ်များ ကြီးကြပ်ဆောင်ရွက်ရန် နိုင်ငံတကာအစိုးရများနှင့်ပုဂ္ဂလိက Stakeholder များ ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွား လုပ်ငန်း အကြပ်အတည်းဆိုင်ရာကော်မတီ (Global Tourism Crisis Committee)ကို ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ဖွဲ့စည်းဆောင်ရွက်နေပါကြောင်း၊ ယင်းကော်မတီက ခရီးသွား လုပ်ငန်းပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လမ်းညွှန်မှုများပေးနိုင်ရန်၊ အနာဂတ်တွင် ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံအုတ်မြစ်များတည် ဆောက်နိုင်ရန်၊ လူသားများ သာယာဝပြောစေရေးအတွက် စီးပွားရေးအခြေအနေများ ပြန်လည် ကောင်းမွန်လာရန်၊ တာဝန်သိခရီးသွားလုပ်ငန်းဖော်ဆောင်ရန်၊ ခရီးသွားလုပ်ငန်း ဂေဟစနစ်များ နှင့် ဆက်စပ်နေမှုအခြေအနေများကို ပြန်လည်ဆန်းစစ်ရန်နှင့် လူမှုစီးပွား ပြန်လည်ထူထောင်ရေး အစီအစဉ်များကို ဖော်ဆောင်ရေးအတွက် အထောက်အပံ့ပေးသွား ရန် ရည်ရွယ်ပါကြောင်း။
Global Tourism Crisis Committee က ကိုဗစ်-၁၉ကြောင့် ခရီးသွားလုပ်ငန်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် လမ်းညွှန်မှုများပြုလုပ်နိုင်ရန်နှင့် အနာဂတ်တွင် ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲ၍ ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံအုတ်မြစ်များ တည် ဆောက်နိုင်ရန် UNWTO Priorities for Global Tourism Recovery နှင့် UNWTO Global Guidelines to Restart Tourism ကို ရေးဆွဲချမှတ်ခဲ့ပါကြောင်း။
ကိုဗစ် - ၁၉ ကပ်ရောဂါကာလအလွန် ဒေသတွင်းစီးပွားရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍသည် အဓိကကျသောကဏ္ဍ ဖြစ်သည့်အားလျော်စွာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသတွင်း ခရီး သွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများ ရရှိစေရေးအတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်တွင် ဗီယက်နမ် နိုင်ငံက ဥက္ကဌအဖြစ် ဦးဆောင်ကျင်းပခဲ့သည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးတွင် “ဒစ်ဂျစ်တယ် ခရီးသွားလုပ်ငန်းဆိုင်ရာ အာဆီယံကြေညာချက်”ကို ထုတ်ပြန်ခဲ့ ပါကြောင်း။
အဆိုပါကြေညာချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်း အခွင့်အလမ်းများရရှိရန်၊ အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍတွင် လုံခြုံစိတ်ချစွာလည်ပတ်နိုင်ရန်၊ ကျန်းမာရေးနှင့်ညီညွှတ်သော စံသတ်မှတ်ချက်နှင့် အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှု ကောင်းများ ထောက်ပံ့ပေးနိုင်ရန်၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ရှိရင်းစွဲခရီးသွားလုပ်ငန်း ပူး ပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရန်နှင့် နည်းပညာတီထွင်ဆန်းသစ်မှုအစရှိသည့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ASEAN နိုင်ငံ များ၏ ခရီးသွားလုပ်ငန်းအပေါ် COVID -19 အကျိုးသက်ရောက်မှုများ လျော့ပါးစေရေး အတွက် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် ASEAN Comprehensive Recovery Framework (ACRF)ကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ခရီးသွားကဏ္ဍပြန်လည်ဦးမော့လာရေး ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို အထောက်အကူပြုမည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅)ကို ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အဖွဲ့ဝင် နိုင်ငံများ အချင်းချင်း သတင်းအချက်အလက်များဖလှယ်ရေး၊ ဧည့်ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူများအတွက် အင်တာနက်မှ တစ်ဆင့် လေ့လာသင်ယူနိုင်ရေး ဖော်ဆောင်ပေးခြင်း၊ Digital စနစ်ဖြင့် ခေတ်မှီဆန်းသစ် သော ခရီးသွား လုပ်ငန်းဂေဟစနစ် တည်ဆောက်ခြင်းတို့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေး လမ်းညွှန်ချက်များ၊ ကိုဗစ်-၁၉ အကျိုးသက်ရောက်မှုများ လျော့ပါးစေရေး အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် ASEAN Comprehensive Recovery Framework လမ်းညွန်မှုများနှင့် အညီ ရေးဆွဲပြုစု၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ အတည်ပြုချက်ရယူပြီး ဖြစ်ပါကြောင်း။
ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ခရီးသွားများ၏ရွေးချယ်မှုသည် ယခင်နှင့်မတူ ပြောင်းလဲ သွားပြီး လူပြည့်ကြပ်သော မြို့ပြဘဝခရီးသွားထက် physical distancing ဖြင့် နေထိုင်သွား လာခြင်းနှင့် nature tourism, ethnic tourism, environmental tourism ကဲ့သို့ လူစည်ကား သောနေရာမဟုတ်သည့်နေရာများကို သွားလာရန်ပိုမိုလိုလား လာကြလိမ့်မည် ဟု ခန့်မှန်းထား သည့်အတွက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြ မြေပုံ နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း မဟာဗျုဟာ လမ်းပြ မြေပုံများကို ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း များ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ မိမိတို့ ဒေသအလိုက်၊ ဇုန်အလိုက် ရေးဆွဲတင်ပြ သွားကြရန် လိုအပ်ပါကြောင်း။
ကိုဗစ် - ၁၉ အလွန်ကာလတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ၏ ပြောင်းလဲမှု ဖြစ်စဉ်များအတွက် ခရီးသွားများ၏ လိုအပ်ချက်များနှင့်ကိုက်ညီစေပြီး လိုက်လျောညီထွေ ဖြစ်အောင် ရေရှည်တည်တံ့၍ ခံနိုင်ရည်ရှိသော ခရီးသွားလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး အတွက် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ဝန်ကြီးဌာနများ၊ ခရီးသွားလုပ်ငန်းကော်မတီများ၊ ပုဂ္ဂလိကခရီးသွား လုပ်ငန်းအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့များက ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြ မြေပုံတွင် ရေးဆွဲထားရှိသည့် မဟာဗျူဟာနှင့် လုပ်ဆောင်ချက်များအတိုင်း ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က ဗဟိုကော်မတီ၏ဆုံးဖြတ်ချက်များအပေါ်ခရီးသွားလုပ်ငန်းကော်မတီ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ် များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးတင်လတ် က ကိုဗစ် ကာလ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအပေါ် သက်ရောက်မှုများ၊ ဟိုတယ်လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ၏ လတ်တလောအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၀) ဆုံးဖြတ်ချက်များ မှတ်တမ်းတင်ပေးနိုင်ရေး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပြင်ဆင်ဖွဲ့စည်းနိုင်ရေး၊ Myanmar Tourism Strategic Recovery Roadmap (MTSRR) (၂၀၂၁-၂၀၂၅) ကို အတည်ပြုပေးနိုင်ရေးနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်များ တွင် မိမိဒေသလိုအပ်ချက်အပေါ်ထင်ဟပ်၍ လိုက်နာဆောင်ရွက်ရန် ကိစ္စကိုအတည်ပြုနိုင်ရေး၊ Enchanting Myanmar Health and Safety Protocol အစီအစဉ် အရ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အတည်ပြုနိုင်ရေးနှင့် အားကစားခရီး သွားလုပ်ငန်းကော်မတီနှင့် အစားအသောက်ဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီတို့အား ပြင်ဆင် ဖွဲ့စည်းခြင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတက Myanmar Tourism Strategic Recovery Roadmap (MTSRR) (၂၀၂၁-၂၀၂၅) နှင့် Enchanting Myanmar Health and Safety Protocol တို့အား စက်ခလုတ်နှိပ်၍ Online Official Launching ပြုလုပ်ပေးသည်။
ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဒေါက်တာ ဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဗိုလ်ချုပ်စိုးတင့်နိုင်တို့က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် ဘဏ္ဍာရေး စည်းမျဉ်း ဉပဒေများနှင့်အညီ ဆက်လက်ပူးပေါင်းကူညီဆောင်ရွက် သွားမည့်အစီအမံများ၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်ခံရသည့် လုပ်ငန်းများအပေါ် ပြန်လည်ကုစားရေးအစီအစဉ် ဆောင် ရွက်နေမှုများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အကြံပြုချက်များ၊ အဆိုပြုချက်များနှင့် သိပညာပေးခြင်းဆိုင်ရာများ၊ သာသနာရေး၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း နေရာများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းကဏ္ဍရှိ ကျွမ်းကျင်လုပ်သားဆိုင်ရာများ၊ ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၀) ဆုံးဖြတ်ချက်များအပေါ်ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် လုပ်ငန်းများ၊ လူထုအခြေပြုခရီးသွားလုပ်ငန်းများဖော်ဆောင်ရေး၊ ပြည်တွင်း ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးနှင့် ခရီးသွားများလိုက်နာဆောင်ရွက်သင့်သည့်ကိစ္စရပ် များ၊ ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးနှင့် စပ်လျဉ်းသည့် ပြည်ပနိုင်ငံများ၏ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ၁/၂၀၂၀ အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများ၊ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် အကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများကိုလည်းကောင်း၊ ဗဟိုကော်မတီဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွား အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


