မန္တလေး၊  ၉      ဇန်နဝါရီ 

 

လက်မှုပညာပေါင်းစပ်ကာ လုပ်ကိုင်လျက်ရှိသော  ဖိုက်ဘာ အလှဆင်ပစ္စည်းများဖြင့် ကစားကွင်းများ၊ ပန်းခြံများ၊ ကျောင်းများ၊ ရုံးများ၊ ဘူတာများ၊ စက်ရုံများနှင့် နေအိမ်များအပါအဝင် အလှဆင်နှင့် အသုံးအဆောင်ပစ္စည်းများအဖြစ် နေရာစုံမှာ အသုံးပြုမှု များပြားလာခြင်းကြောင့် တွင်ကျယ်စွာ ထုတ်လုပ်ကာ မြန်မာပြည်အနှံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၂) ရှိ TZ ဖိုက်ဘာဂလပ်စ်လုပ်ငန်း တည်ထောင်သူ ဦးသန်းဇော်ထံ မှ သိရသည်။

 

“ကိုယ်ပိုင်ဆိုင် တည်ထောင်လာတာတော့ ၁၅ နှစ်ကျော်လောက်ရှိပါပြီ၊ ဖိုက်ဘာအလှဆင် ပစ္စည်းတွေကို အသုံးပြုမှုများပြားလာတာ ၅ နှစ်ကျော် ၁၀ နှစ်လောက်မှာပဲ ရှိပါသေးတယ်၊ ဖိုက်ဘာပစ္စည်းတွေက ပလတ်စတစ်နဲ့အတူတူပါပဲ သုံးရလွယ်တယ်၊ ပြုပြင်ထိန်းသိမ်းရလွယ်တယ်၊ သယ်ဆောင်ရ လွယ်တာကြောင့်  အသုံးပြုမှုများလာတာဖြစ်ပါတယ်” ဟု  TZ ဖိုက်ဘာဂလပ်စ် လုပ်ငန်းတည်ထောင်သူ ဦးသန်းဇော် က ပြောပြသည်။

 

“ဖိုက်ဘာကုန်ကြမ်းကတော့ ပြည်ပကနေဝယ်ယူရတာပါ၊ ကုန်ကြမ်းဝယ်ပြီး လက်မှုပညာနဲ့ ပေါင်းစပ်ကာ စိတ်ကူးရှိတဲ့အတိုင်း ပုံဖော်ဖန်တီးလို့ရပါတယ်၊ ပုံတူလည်း ဖန်တီးလို့ရပါတယ်၊ ဖိုက်ဘာအလှဆင်တာတွေက ကစားကွင်းတွေအတွက် အလှဆင်တဲ့အရုပ်တွေ၊ ဘာသာရေးဆိုင်ရာ ရုပ်တုတွေ၊ အဆာက်အအုံ အလှဆင်တာတွေ၊ စက်ရုံတွေ၊ ဘူတာတွေ၊ ကျောင်းတွေ၊ ရုံးတွေ၊ နေအိမ်တွေ အစရှိတဲ့နေရာစုံမှာ ပုံဖော်ဖန်တီးလို့ပါတယ်” ဟု ၎င်း က ဆက်လက် ပြောကြားသည်။

 

mdn

 

ဖိုက်ဘာအလှဆင်ပစ္စည်းက ပုံစံတူပြုလုပ်လို့ရသလို ဓာတ်ပုံပေးပြီး ပုံဖော်ခိုင်းလိုလည်းရတယ်၊ စိတ်ကူးရှိရင် ရှိသလို ပုံဖော်လို့ရပါတယ်၊ ဖိုက်ဘာကုန်ကြမ်းကို ကုန်ချောထုတ်လုပ်မည်ဆိုပါက ရွံ့ (သို့) အင်္ဂတေများဖြင့် ပုံဖော်ကာ စိတ်တိုင်းကျ အဆင့်ဆင့်ပြုလုပ်ပြီး ဖယောင်းတင်ခြင်း၊ ဖယောင်းကပ်ခြင်း ပြုလုပ်ရကြောင်း၊ အဲဒီနောက် မက်လို့ခေါ်တဲ့ ရိုင်လိပ်ရယ်၊ ရေစင်လိုခေါ်တဲ့ ကော်ရည်ရယ်၊  ဟန်တနာလို့ခေါ်တဲ့ ခြောက်ဆေးရယ်၊ ရောစပ်ကာ တစ်လွှာချင်း လိုချင်တဲ့ပုံစံရရှိအောင် အဆင့်ဆင့် ပုံဖော်ပြုလုပ်ရကြောင်း၊ အဲဒီလိုနဲ့ လိုချင်တဲ့ပုံကြမ်း ရရှိလာပါက ပက်တီးလိုက်ခြင်း၊ အချောကိုင်ခြင်း၊ ဆေးသုတ်ခြင်းများ အဆင့်ဆင့်ပြုလုပ်ရကြောင်း ၎င်းက ရှင်းပြသည်။

 

လက်မှုပညာပေါင်းစပ်ပြီး ထုတ်လုပ်တဲ့ ဖိုက်ဘာအလှဆင်ပစ္စည်းတွေ ထုတ်ကုန်တွေက ပြည်တွင်းဈေးကွက်မှာတော့ နေရာရလာပါပြီ၊     မြန်မာ့ယဉ်ကျေးမှုကို ဖော်ဆောင်တဲ့  သူငယ်တော် ရေအိုးရွက်လို ဖိုက်ဘာအလှဆင်ပစ္စည်းမျိုးတွေ ထုတ်လုပ်ပြီး ပြည်ပဈေးကွက်ကို တင်ပို့နိုင်ရန် နေရာစုံမှာ လေ့လာဆောင်ရွက်နေပါတယ် ဟု TZ ဖိုက်ဘာဂလပ်စ်လုပ်ငန်း တည်ထောင်သူ ဦးသန်းဇော်  က ပြောကြားသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)