ရွာငံ၊    ဇန်နဝါရီ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်တောင်းပိုင်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများ၏ ကျေးလက်နေပြည်သူများ နေ့စဉ်သောက်သုံးလျက်ရှိသည့် ရေအရင်းအမြစ်များမှ ရေနမူနာများရယူကာ အီကိုလိုင်(Ecoli) ဘက်တီးရီးယားပိုးပါဝင်မှု ရှိမရှိ ရေအရည် အသွေးများကို Ecoli Test Kit ဖြင့်စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။

 

ထိုသို့စစ်ဆေးပေးရာတွင် ရွာငံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအေးအောင် နှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်နွယ်ဇင်ဆောင်း တို့ကကျေးရွာများမှ နေ့စဉ်သောက်သုံးလျက်ရှိသောအများသုံး နေရာများမှရေနမူနာများကို ရယူပြီး ရေထဲတွင် အီကိုလိုင်(Ecoli) ဘက်တီရီယားပိုး၊ လူနှင့် တိရစ္ဆာန်အညစ်အကြေးဓါတ်ပါဝင်မှုကို စစ်ဆေးပေးခြင်း ဖြစ်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်သည့်အတွက် သောက်သုံးရန်သင့်မသင့် သိရှိနိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ရွာငံမြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၈ စု၊ ကျေးရွာပေါင်း ၁၂၅ ရွာရှိသည့်အနက် ကနဦးအနေဖြင့် ကျေးရွာပေါင်း ၁၀ ရွာရှိ အများသုံးနေရာများမှ နေ့စဉ်သုံးစွဲလျက်ရှိသည့်ရေအရင်းအမြစ်များကို ယနေ့နံနက်ပိုင်းက စစ်ဆေးပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့်ကျေးရွာများကိုလည်း ဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ရွာငံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက် ကပြောပြ၍ သိရသည်။

 

ငြိမ်းသူ