ရန်ကုန်၊ ၉  ဇန်နဝါရီ

 

မြန်မာနိုင်ငံဆန်စပါးကဏ္ဍတွင် ပါဝင်သော တောင်သူများ၊ လုပ်ငန်းရှင်များ တစ်ဦးနှင့်တစ်ဦး အချင်းချင်း ချိတ်ဆက်လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖန်တီးရေးသားထားသော MRF Rice Portal Mobile Application ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

“ဒီ Portal မှာက မျိုးစေ့ရောင်းသူနဲ့ ဝယ်သူအတွက် လုပ်ပေးထားတဲ့ ပလက်ဖောင်း တစ်ခုဖြစ်တဲ့အတွက် အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေအတွက် သတင်းအချက်အလက်တွေ ရမယ်။ ထုတ်လုပ်မှု၊ ရောင်းချမှု၊ လိုအပ်မှုအပေါ်မှာ ဆက်သွယ်လို့ရမယ်။ ဒီအတွက် ရည်ရွယ်ပြီး လုပ်ပေးထားတာပါ” ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

 

နိုင်ငံတကာတွင် သတင်းအချက်အလက် နည်းပညာကို အသုံးပြုကာ ဆောင်ရွက်သော လယ်ယာစိုက်ပျိုးရေး နှင့် လယ်ယာစီးပွားရေးလုပ်ငန်းများ အားကောင်းလာလျက်ရှိပြီး မြန်မာနိုင်ငံတွင်းရှိ တောင်သူလယ်သမားများ၊ ဆန်စက်ပိုင်ရှင်များ၊ ကုန်သည်များနှင့် ဆန်ရောင်းဝယ်ရေး ကုမ္ပဏီများ၊ ပြည်ပမှ ဝယ်ယူချင်သူများ၊ စိတ်ပါဝင်စားသူများအတွက် ဒီဂျစ်တယ် ပလက်ဖောင်းတစ်ခုကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေဖြင့် Online မှ ထူထောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် Welthungerhilfe – WHH အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့်  MRF Rice Portal Mobile Application ကို ဝန်ဆောင်မှုအခမဲ့ဖြင့် အသုံးပြုနိုင်ပြီး လက်ရှိတွင် မျိုးစေ့ရောင်းဝယ်ရေးတစ်ခုတည်းကိုသာ ဉီးတည်ဆောင်ရွက်လျက်ရှိပြီး နောက်ပိုင်းတွင် ဆန်၊ ဆန်ကွဲ၊ စက်ပစ္စည်းများ၊ နည်းပညာ ရောင်းချမှုများ စသော ဝန်ဆောင်မှုများကိုပါ ထည့်သွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာဆန်စပါးကဏ္ဍအား ဒီဂျစ်တယ်နည်းပညာပိုင်း ပြောင်းလဲဆောင်ရွက်မှုအဖြစ် နည်းပညာ အသုံးပြုနိုင်ရန် ဆန်စက်ပိုင်ရှင်များ၊ ကုမ္ပဏီများ၊ တောင်သူလယ်သမားများအား အသိပညာ ဖြန့်ဝေမည်ဖြစ်ပြီး မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်တွင် အသင်းဝင် တောင်သူလယ်သမားပေါင်း တစ်သောင်း ကျော်ပါဝင်ကြောင်း သိရသည်။ မြန်မာနိုင်ငံဆန်းစပါး အသင်းချုပ်အနေဖြင့် နောက်ပိုင်းတွင် မျိုးစေ့များကို ပြည်တွင်းလိုအပ်ချက် သာမက ပြည်ပတင်ပို့ ရောင်းချနိုင်ရေး အတွက်ပါ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)