ကော့သောင်း၊ ၁၀ ဇန်နဝါရီ

 

ကိုဗစ်အလွန် ခရီးသွားကဏ္ဍ အထောက်အကူပြုရေးနှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ကော့သောင်းခရိုင်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစုများ စုပေါင်း အမှိုက်ကောက်သည့် အစီအစဉ်တစ်ရပ်ကို ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ကိုးမိုင်ကမ်းခြေတစ်လျှောက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

ကော့သောင်းခရိုင်အတွင်း သာယာလှပသည့် ပင်လယ်ကျွန်းကမ်းခြေများအပြင် မြို့ပြအနီးအနားတွင် ခရီးသွားလုပ်ငန်းဖေါ်ဆောင်ရန် အလားအလာကောင်းများရှိသည့် မကြုံဂလက်ကျေးရွာ ပင်လယ်ကမ်းခြေ၊ ပုလုံးတုံတုံးကမ်းခြေ၊ ဆယ်မိုင်ကမ်းခြေနှင့် ကိုးမိုင်ကမ်းခြေများအပြင် အခြားလှပသည့် ပင်လယ်ကမ်းခြေတစ်ချို့ တည်ရှိကြောင်း၊ ကိုဗစ်မတိုင်မီကာလများက ကော့သောင်းခရိုင်အတွင်း ပင်လယ်ကျွန်းကမ်းခြေများသို့ ပြည်ပခရီးသွားဧည့်သည် သုံးသိန်းကျော်ခန့်အပြင် ပြည်တွင်းခရီးသွား ဧည့်သည်များလည်း လာရောက်လည်ပတ်ခဲ့ဖူးကြောင်း၊ ကိုဗစ်အလွန်ကာလများတွင် နိုင်ငံတော်မှ ကောင်အထည်ဖေါ်ဆောင်လျက်ရှိသည့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကဏ္ဍများတွင် အထောက်အကူ ဖြစ်စေရန်နှင့် မြို့၏ပြယုဂ် ပိုမိုလှပတင့်တယ်စေရန်၊ သန့်ရှင်းသာယာလှပသည့် ပတ်ဝန်းကျင်အား အစဉ်ထိန်းသိမ်းတတ်လာသည့် အလေ့အထကောင်းများနှင့် စနစ်တကျ အမှိုက်စွန့်ပစ်တတ်သည့် အလေ့အထ ပြည်သူများအကြား ရှင်သန်အမြစ်တွယ်လာစေရန် ရည်ရွယ်ကြောင်း ကော့သောင်းခရိုင်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာထွန်းက ပြောသည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် ရုံးအားလပ်ရက်အတွင်း ခရိုင်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစုများက ဌာန၏ အဓိကလုပ်ငန်းဖြစ်သည့် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အလားအလာ များစွာရှိသည့် ကိုးမိုင်ကမ်းခြေတစ်လျှောက် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်များကို လိုက်လံကောက်ယူပြီး စနစ်တကျ ထုတ်ပိုးကာ သတ်မှတ်အမှိုက်စွန့်ပစ်နေရာများသို့ သွားရောက်စွန့်ပစ်ပေးခဲ့ကြခြင်း ဖြစ်သည်။

 

ကျော်စိုး (ကော့သောင်း)