ရန်ကုန်၊ ၁၀ ဇန်နရီ
မြန်မာနိုင်ငံအတွင်း စားပွဲတင်တင်းနစ်အားကစား ဖွံ့ဖြိုးတိုးတက်ရန်အတွက် အာရှစားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ATTU) ၏ "Aim for the stars" Project အစီအစဉ်အရ အမေရိကန်ဒေါ်လာ တစ်သောင်းကျော်တန်ဖိုးရှိ အားကစားပစ္စည်းများကို မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ တိုင်းဒေသကြီးနှင့် ပြည်နယ် ဆပ်ကော်မတီများသို့ စားပွဲတင်တင်းနစ် အထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၉ ရက် နံနက်က ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်း မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ကြသည်။
အဆိုပါလှူဒါန်းပွဲသို့ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်၊ အားကစားနှင့် ကာယပညာသိပ္ပံ ရန်ကုန်ကျောင်းအုပ်ကြီး ဦးကျော်စိုးမိုး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေမှူး ဦးအောင်မိုး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များက ပေးအပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ဆပ်ကော်မတီများ၏ ကိုယ်စားလှယ်များ တက်ရောက်လက်ခံရယူခဲ့ကြသည်။
အမေရိကန်ဒေါ်လာ ၁၂၀၃၂ တန်ဖိုးရှိ အားကစားပစ္စည်းများကို ၂၀၂၀ ပြည့်နှစ် နို၀င်ဘာနောက်ဆုံးအပတ်က ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး စားပွဲတင်တင်းနစ် ၃၂ ခုံ (ပိုက်အပါအ၀င်) ဘတ်တံ ၁၉၂ ချောင်း၊ ပြိုင်ပွဲသုံး ဘောလုံးတစ်ဘူးလျှင် ခြောက်လုံးပါဘူး ၁၆၀၊ လေ့ကျင့်ရေးသုံး ဘောလုံးတစ်ထုတ်လျှင် ၁၀၀ လုံးပါ ၃၂ ထုတ်တို့ ဖြစ်သည်။
ယင်းအားကစားပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီလျှင် စားပွဲတင်တင်းနစ် နှစ်ခုံ၊ ဘတ်တံ ၁၂ ချောင်း၊ ပြိုင်ပွဲသုံးဘောလုံး ငါးဒါဇင်၊ လေ့ကျင့်ရေးသုံးဘောလုံး ၂၀ ထုတ် ခွဲဝေပေးခဲ့ကြောင်း သိရသည်။
အာကာစိုး


