မြစ်ကြီးနား၊ ၁၀ ဇန်နဝါရီ
၁၉၄၈ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇန်နဝါရီ ၁၀ ရက်တွင် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်သည့် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို နံနက် ၈ နာရီက ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအားဖတ်ကြားသည်။
နိုင်ငံတော်သမ္မတ၏ (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့သဝဏ်လွှာတွင် နိုင်ငံတော်အနေဖြင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်ရေး စသည့် အစီအမံများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့ရာတွင် သာယာလှပပြီး သယံဇာတပေါကြွယ်ဝသည့် ကချင်ပြည်နယ်သည် လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင် မချုပ်ငြိမ်းနိုင်သေးသောကြောင့် သဘာဝအလှအပများကို အပြည့်အဝ မခံစားနိုင်သေးသလို၊ သဘာဝသယံဇာတများကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးမပြုနိုင်သေးဘဲ ဖြစ်နေရပါကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအရသာကို သိရှိခံစားခဲ့ကြပြီးဖြစ်သော ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားတို့သည် ယခုအချိန်တွင်လည်း ငြိမ်းချမ်းရေးကို အလွန်တောင့်တလျက်ရှိကြပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိလိုကြမည်ဟု ယုံကြည်ကြောင်း ပါရှိသည်။
ထို့အပြင် ယခုအချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအနေဖြင့် အတိတ်သမိုင်းမှ အတွေ့အကြုံများကို သင်ခန်းစာရယူပြီး လက်နက်ကိုင်ပဋိပက္ခများ အကြွင်းမဲ့ချုပ်ငြိမ်းကာ ရေရှည်တည်တံ့ခိုင်မြဲသည့် စစ်မှန်သော ငြိမ်းချမ်းရေးရရှိအောင် ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အချိန်အခါကောင်းဖြစ်ပြီး ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့်လည်း ပါရှိသည်။
(၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်(ပြန်/ဆက်)


