ရန်ကုန်၊ ၁၀ ဇန်နဝါရီ


ယခုနှစ်အတွင်း ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအုပ်စု လက်ကျန်ပွဲများ ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင်အသင်းသည် ဂျော်ဒန်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် သဘောတူညီမှု ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျော်ဒန်လက်ရွေးစင်အသင်းသည် ၂၀၂၀ နိုဝင်ဘာတွင် ခြေစမ်းကစားရန် သဘောတူညီမှုရခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ဖျက်သိမ်းခဲ့ရခြင်းဖြစ်ပြီး နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်များ ပြန်လည်ညှ်နှိုင်းပြီးနောက် ဇွန်လတွင် ပြန်လည်ကစားရန် သဘောတူညီမှုရခဲ့ခြင်း ဖြစ်သည်။

 

ယင်းခြေစမ်းပွဲကို မြန်မာနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ပြီး ကစားမည့်ရက်ကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းအား မတ်လတွင် နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ ကစားခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများအဖြစ် မတ်လတွင် နှစ်ပွဲ၊ ဇွန်လတွင် တစ်ပွဲကစားရမည်ဖြစ်ပြီး ယခုလအတွင်း စတင်လေ့ကျင့်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာ့လက်ရွေးစင်အသင်း သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ရက်တွင် နီပေါလက်ရွေးစင်အသင်းနှင့် မန္တလေးမြို့၌ ခြေစမ်းပွဲကစားပြီးနောက်ပိုင်း နိုင်ငံတကာခြေစမ်းပွဲကစားရခြင်း မရှိတော့ကြောင်း သိရသည်။


မြန်မာ့လက်ရွေးစင်အသင်းသည် လက်ကျန်ပွဲများအဖြစ် မတ် ၂၅ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ မတ် ၃၀ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန် ၁၅ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းကစားရမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်