ပူတာအို၊ ၁၁ ဇန်နဝါရီ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၈၀ ဒသမ ၈၀၀ ဖြင့် ဝင်းလုံကျေးရွာ ကုန်ထုတ်လမ်း မြေသားလမ်း (၁)မိုင်၊ သဲကျောက်လမ်း (၁)မိုင်နှင့် Box Culvert (၃)စင်း၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃၄ ဒသမ ၇၈၀ ဖြင့် ဝါးဆားကျေးရွာ ကုန်ထုတ်လမ်း မြေသားလမ်း (၀/၄)မိုင်၊ သဲကျောက်လမ်း (၁)မိုင်နှင့် Box Culvert (၁)စင်း၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၄၅ ဒသမ ၇၈၀ ဖြင့် မာမိန်ရှီးဒီ ကျေးရွာကုန်ထုတ်လမ်း မြေသားလမ်း (၀/၄)မိုင်၊ သဲကျောက်လမ်း (၀/၄)မိုင်နှင့် Box Culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ၂၀၂၀-၂၀၂၁ ခုနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၂၈၀ ဒသမ ၆၇၀ ဖြင့် ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (၄)ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဇော်နောင်နှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၇ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဦးစီးမှူးက တာဝန်ရှိသူများနှင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်မည့် ကျေးရွာသုံးရွာမှ လမ်းကော်မတီများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


