၁၁ ဇန်နဝါရီ

 

 

ပြင်သစ်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၅၉၄၄ ဦး ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါကူးစက်မှုနှုန်းသည် ဇန်နဝါရီ ၃ ရက်နောက်ပိုင်း နေ့စဉ် ကူးစက်မှုနှုန်းတွင် အနည်းဆုံး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၇၈၃၂၅၆ ဦး ရှိပြီး ဉရောပတွင် ဗြိတိန်နိုင်ငံပြီးလျှင် ဒုတိယကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်သည်။ ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ဦးရေ ၆၇၇၅၀ အထိ ရှိလာသည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ယမန်နေ့ကအထိ အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေသူ ၂၆၂၉ ဦးအပါအဝင် ဆေးရုံတက်ကုသမှုခံယူနေသူ ၂၄၅၅၉ ဦး ရှိသည်။

 

 

နိုင်ငံတစ်ဝန်းရှိ ရောဂါကူးစက်မှု မြင့်မားသော ဒေသများတွင် လာမည့် သီတင်းပတ်တွင် Moderna ကာကွယ်ဆေးကို အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုကာကွယ်ဆေး ပမာဏ ၅၀၀၀၀ ကို တနင်္လာနေ့မှ စတင်ကာ ပထမဆုံးအကြိမ် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး အိုလီဗာ ဗီရန်က ယမန်နေ့က ပြောကြားခဲ့သည်။

 

 

Pfizer-BioNTech ကာကွယ်ဆေးကို ဖြန့်ဖြူးပေးပြီးဖြစ်ကြောင်းနှင့် ယခုစနေ၊ တနင်္ဂနွေနေ့အတွင်း လူဦးရေ ၁၀၀၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို