ပခုက္ကူ ၊ ၁၁ ဇန်နဝါရီ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပခုက္ကူမြို့နယ်၊ ချောင်းခွကျေးရွာရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ပေးလျက်ရှိရာ တစ်နာရီလျှင် ရေဂါလန် ၂၀၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မူလခွင့်ပြုငွေ ကျပ်သန်း ၂ ၁ဒသမ ၁၅၀ ဖြင့် ပခုက္ကူမြို့နယ်၊ ချောင်းခွကျေးရွာတွင် အချင်းလေးလက်မ၊ အနက် ပေ ၅၀၀ ရှိသည့် ရေတွင်းတူးစက်ဖြင့် တစ်နာရီလျှင် ရေဂါလန် ၂၀၀၀ ခန့် ထွက်ရှိသည်အထိ တူးဖော်ပေးသည်။ တွင်းတူးဖော်မှုအခြေအနေအား ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီက ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးကြပြီး လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီစွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နည်းပညာဆိုင်ရာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
အဆိုပါစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၁၀၁)အိမ်၊ လူဦးရေ (၆၀၃)ဦးတို့၏ နွေရာသီကာလ ရေရှားပါးမှုအခက်အခဲမှ ကင်းဝေးပြီး သန့်ရှင်းသော သောက်သုံးရေကို ဖူလုံစွာရရှိသုံးစွဲနိုင်တော့မည်ဖြစ်သည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


