၁၁ ဇန်နဝါရီ

 

 

ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူဟာ ၄၀,၀၀၀ ကျော်ရှိလာကြောင်း တနင်္ဂနွေနေ့တွင် ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။

 

 

၂၄ နာရီအတွင်း သေဆုံးသူ ၄၆၅ ဦးရှိတဲ့အတွက် ကပ်ရောဂါပိုး စတင်ချိန်ကစပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၄၀,၃၄၃ ဦးရှိကြောင်း၊ ပိုးကူးစက်ခံရသူ ၁ ဒသမ ၉ သန်းရှိကြောင်း Robert Koch Institute ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

ရောဂါပိုး ကူးစက်ခံရသူမှာ ၂၄ နာရီအတွင်း ၁၇,၀၀၀ နီးပါးရှိကြောင်း သိရပါတယ်။

 

 

ဝန်ကြီးချုပ် မာကယ်ရဲ့ စနေနေ့တိုင်း အပတ်စဉ် ဗီဒီယိုကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလအတွင်းက အကျိုးသက်ရောက်မှုတွေကို အခုတွေ့ရတာဖြစ်ကြောင်း၊ လာမယ့် သီတင်းပတ်တွေ အတွင်းမှာ ကပ်ရောဂါရဲ့ အခက်အခဲဆုံး အချိန်တွေကို ရောက်လာမှာဖြစ်ကြောင်း၊ ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာလည်း သူတို့လုပ်နိုင်တဲ့ အရာတွေကလည်း ကန့်သတ်မှုတွေ ရှိလာကြောင်း ထည့်သွင်းပြောကြားပါတယ်။

 

 

လူဦးရေ ၈၃ သန်းနီးပါးနေထိုင်တဲ့ ဂျာမနီနိုင်ငံမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး အမိန့်ထုတ်ပြန်ထားခြင်းအားဖြင့် ဆေးရုံတွေမှာ လူနာတွေ မများအောင် လုပ်ထားပါတယ်။ နိုင်ငံတစ်ဝန်းက ကျောင်းတွေ၊ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေ၊ ယဉ်ကျေးမှုဆိုင်ရာနဲ့ ဖျော်ဖြေရေးနေရာတွေကို ဇန်နဝါရီ ၃၁ ရက်နေ့အထိ ပိတ်ထားဖို့ အမိန့်ထုတ်ထားပါတယ်။

 

 

ဉရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဟာ ဒီဇင်ဘာလကုန်ပိုင်းကစပြီး Pfizer/BioNTech ထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးပြီးသူ ငါးသိန်းကျော်ရှိသွားပြီလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ဝန်ကြီးချုပ် မာကယ်က နိုင်ငံမှာရှိတဲ့ လူတိုင်းအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလုံအလောက်ရှိရေးဟာ သိပ်အရေးကြီးကြောင်းနဲ့ တစ်လပြီးတစ်လ ကာကွယ်ဆေး ထိုးချင်သူတိုင်းကို ထိုးနှံပေးသွားမယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

 

 

MDN

ကိုးကား - AFP

mdn