ဝန်းသို  ၊ ၁၁ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် လယ်ယာထုတ်ကုန်၊ ထွက်ကုန်သီးနှံများ ဈေးကွက်သို့ အချိန်မီ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုနှင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ရန် မြေနေရာသတ်မှတ်ခြင်းနှင့် လုပ်ငန်းစတင်နိုင်ရေး မြိုင်ဇေယျာကျေးရွာနှင့် ခပ်ချိုကျေးရွာများသို့ ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီခွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

မြိုင်ဇေယျာကျေးရွာတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ကုန်ထုတ်လမ်းမှာ အရှည်ပေ (၅)ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထုမြေသား ၂ ပေ၊ ဂျင်း ၆ လက်မ ခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်ငွေ (၂၆ ဒသမ ၆၅) သန်းဖြင့် လည်း‌ကောင်း၊ ယင်းလမ်းပေါ်ရှိ ၁၀ ပေ ကွန်ကရစ်တံတား (၁)စင်း၊ ၅ ပေ Box Culvert (၂) စင်း၊ ၂ ပေခွဲ ရေပြွန် (၁)စင်းတို့ကို (၇ ဒသမ ၆၅၉) သန်းဖြင့်  ယမုံကောင်းကုမ္ပဏီ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

 

အလားတူ မြိုင်ဇေယျာကျေးရွာနှင့် ခပ်ချိုကျေးရွာတို့တွင် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ၄ လက်မခွဲ စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဂါလန် (၂၀၀၀)ဆံ့ရေကန်၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေ ရေစက်ရုံ တစ်ခုစီတို့ကို တင်ဒါအောင်မြင်ငွေ စုစုပေါင်း (၂၅ ဒသမ ၅) သန်းဖြင့် သိန်းသန်းရတီ ကုမ္ပဏီက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

မြိုင်ဇေယျာကျေးရွာ ကုန်ထုတ်လမ်းနှင့် ခပ်ချိုကျေးရွာ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းတို့အား ကွင်းဆင်းစစ်ဆေးရာတွင် ကုမ္ပဏီမှတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြရာ တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် အချိန်မီပြီးစီးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

 

မွှေးကြူဇင်