ပင်လည်ဘူး၊ ၁၁ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေကြီး၊ ပင်လည်ဘူးမြို့နယ်၊ ကဒူးဒေသရှိ နှစ်ပေါင်း(၁၀၀)ကျော်ရှိပြီဖြစ်သော ကဒူးရိုးရာ မော်တိတ်တံခွန်တိုင်အား ပြန်လည်ထိန်းသိမ်းခြင်းအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၃၃ သိန်းနှင့် ပင်လည်ဘူးမြို့နယ် ကျွန်တော်များကမ်းလက်အလှူရှင်များအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ စုပေါင်းအလှူငွေကျပ် ၄၈ သိန်းတို့ဖြင့် ကဒူးရိုးရာ မော်တိတ်တံခွန်တိုင်သို့ သွားရာလမ်းနှင့် တိုင်ပတ်လမ်း ကွန်ကရစ်ခင်းခြင်း၊ ကြွေပြားကပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ အဝင်တံတား ဆောက်လုပ်ခြင်း၊ ဇရပ်တည်ဆောက်ခြင်းလုပ်ငန်းများပြီးစီး၍ တရားနာ ရေစက်ချ မင်္ဂလာကို ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက ကဒူးဒေသ မြောက်မော်ကျေးရွာရှိ မော်တိတ်တံခွန်တိုင် အနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းဌေး၊ ပင်လည်ဘူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသက်နောင်၊ ကျွန်တော်များကမ်းလက်အလှူရှင်များအဖွဲ့နှင့် ဌာနဆိုင်ရာ အလှူရှင်များ၊ ဒေသခံ ကဒူးလူမျိုးများ တက်ရောက်ပြီး ကောင်းမှုကုသိုလ် အစုစုအတွက် ဆရာတော် သံဃာတော်များထံမှ တရားနာယူကြကာ ရေစက်သွန်းချလှူဒါန်းကြသည်။
ကဒူးရိုးရာ မော်တိတ်တံခွန်တိုင်ကို ယခင်က လုံးပတ် ၅ ပေ၊ အရှည် ၃၂ တောင်ရှိ အလယ်တိုင်မကြီး တစ်လုံးနှင့် လုံးပတ် ၇ ပေ၊ အရှည် ၁၅ ပေရှိ အရန်လက်ခံတိုင် လေးလုံးဖြင့် စိုက်ထူထားရှိပြီး အရန် လေးလုံးတွင် ရုပ်ပေါင်းစုံ ပန်းပုလက်ရာများပါရှိကြောင်း၊ ယခုအခါ နှစ်ကြာပြီဖြစ်သည့်အတွက် ပန်းပု လက်ရာများမှာ ပျောက်ပျက်ပြီး တံခွန်တိုင်မှာလည်း လေးလုံးသာကျန်ရှိတော့ကြောင်း၊ အဆိုပါ တံခွန်တိုင်အနီးတွင် ရှေးယခင်မင်းများ တည်ထားကိုးကွယ်ခဲ့သည့် စေတီဟောင်းများလည်း ရှိကြောင်း သိရသည်။
မျိုးလွင်(ပြန်/ဆက်)


