ရန်ကုန်၊ ၁၁ ဇန်နဝါရီ
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ လုပ်ငန်းခွင်အသီးသီးသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် ခရီးသည်များ စီးနင်းလိုက်ပါမှု များပြားလာခြင်းကြောင့် ခရီးသည်များ သွားလာမှု အဆင်ပြေ ချောမွေ့စေရေးအတွက် ရည်ရွယ်၍ ဇန်နဝါရီ ၁၁ ရက် ယနေ့မှစတင်ပြီး သင်္ဘောခရီးစဉ်များကို အသွား ၃၈ ခေါက်၊ အပြန် ၃၈ ခေါက်နှုန်းဖြင့် ခေါက်ရေတိုးပြီး ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း၊ ခရီးသည်သွားလာမှု အခြေအနေပေါ် မူတည်ပြီး တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
“ပန်းဆိုးတန်း-ဒလ သင်္ဘောဆိပ်ကမ်းအနေနဲ့ အခုရက်ပိုင်းက ခရီးသည်စီးနင်းမှုများလာလို့ ခရီးသည်တွေ အဆင်ပြေစေရေးအတွက်ကို သင်္ဘောခေါက်ရေတိုးပြီး ပြေးဆွဲပေးတာဖြစ်ပါတယ်၊ ရုံးဖွင့်ရက်မှာက ခရီးသည် သွားလာမှုများတယ်၊ ရုံးပိတ်ရက်မှာတော့ ခရီးသည် နည်းသေးတယ်၊ ဒါကြောင့် ခရီးသည်သွားလာမှုများတဲ့ ရုံးဖွင့်ရက်တွေမှာ အသွား ၃၈ ခေါက်၊ အပြန် ၃၈ ခေါက်နှုန်းနဲ့ ခရီးသည်အဆင်ပြေစွာ သွားလာနိုင်ဖို့အတွက် ပြေးဆွဲပေးတာဖြစ်ပါတယ်” ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲ ဒလသင်္ဘောဆိပ်ကမ်း မန်နေဂျာ ဒေါ်ဇင်မျိုးဟန်က ပြောသည်။
ပန်းဆိုးတန်း-ဒလ သင်္ဘောဆိပ်ကမ်း၌ ဇန်နဝါရီ ၁၁ ရက် ယနေ့နံနက်တွင် စတင်ပြီး အစိုးရရုံးဖွင့်ရက်များကို နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၈ နာရီခွဲထိ အသွား ၃၈ ခေါက်၊ အပြန် ၃၈ ခေါက်နှုန်းဖြင့်လည်းကောင်း၊ စနေနေ့နှင့် တနင်္ဂနွေနေ့ ရုံးပိတ်ရက်များကို နံနက် ၆ နာရီမှ ည ၈ နာရီထိ အသွား ၂၂ ခေါက်၊ အပြန် ၂၂ ခေါက်နှုန်းဖြင့် သင်္ဘောခရီးစဉ်မျာအား ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း၊ ခရီးသည်သွားလာမှု အခြေအနေပေါ်မူတည်၍ လိုအပ်ချက်များ ရှိလာပါက ရေယာဉ်ခရီးစဉ်များကို ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရုံးပိတ်ရက်များ၌ ဒလဘက်ကမ်းမှတစ်ဆင့် ခရီးသည်စီးနင်းလိုက်ပါမှုအနေဖြင့် ၃၀၀၀ ကျော်နှင့် ရုံးဖွင့်ရက်များတွင် ခရီးသည် ၆၀၀၀ ကျော်ခန့် ရန်ကုန်မြို့သို့ ကူးသန်းသွားလာလျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)


