မန္တလေး၊  ၁၁  ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ ပေါ်ဦးပေါ်ဖျားထွက်ရှိလာသည့် စတော်ဘယ်ရီအသီးများ ယခုဇန်နဝါရီလဆန်းပိုင်းတွင် မန္တလေးမြို့ရှိ သစ်သီးပွဲရုံများသို့ စတင်ပို့ဆောင်ရောင်းချနေပြီဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ်ရှိ စတော်ဘယ်ရီ စိုက်တောင်သူများမှ ပြောကြားသည်။

 

အဆိုပါ စတော်ဘယ်ရီသီးများမှာ ယခုနှစ်တွင် ထွက်ရှိချိန်တစ်လခန့် နောက်ကျသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်ခြင်းကြောင့် အရောင်းအဝယ်များ အေးစက်နေသည့်အတွက် ဈေးနှုန်းမှာလည်း ယမန်နှစ် ယခုလိုရာသီတွင် တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ နှုန်းဖြင့် အဖွင့်ဈေးစခဲ့သော်လည်း ယခုနှစ်တွင် တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ နှုန်းဖြင့် ရန်ကုန်နှင့် မန္တလေးမြို့ရှိ သစ်သီးဒိုင်များမှ ဈေးဖြတ်ဝယ်ယူနေကြောင်း ပြင်ဦးလွင်မြို့နယ် ပင်လိန်သပြေကျေးရွာမှ စတော်ဘယ်ရီစိုက်ပျိုးသူ ကိုဖိုးသားက ပြောသည်။

 

“ပေါ်ဦးပေါ်ဖျားစထွက်တဲ့ ဒီရက်ပိုင်းမှာ တစ်ဧကကို ၆ ပိဿာ လောက်ပဲ တစ်ရက်ခြား ထွက်နေသေးတယ်။ မနှစ်က ဒီဇင်ဘာလအတွင်းမှာ စပြီးထွက်ခဲ့တဲ့ စတော်ဘယ်ရီက ဒီနှစ်မှာ ဇန်နဝါရီလဆန်းမှ စပြီးထွက်ခဲ့တဲ့အပြင် ကိုဗစ်-၁၉ ရောဂါ အခြေနေကြောင့် အဖွင့်ဈေးက မနှစ်ကလောက် ကောင်းမွန်မှုမရှိဘူး။ ဒါပေမယ့် ဒီနှစ်မှာ တရုတ်နိုင်ငံက စတော်ဘယ်ရီသီးတွေလည်း ရောဂါအခြေအနေကြောင့် ကျွန်တော်တို့ ပြည်တွင်းကို အဝင်နည်းတဲ့အတွက် မတ်လအတွင်း လှိုင်လှိုင်ပေါ်ချိန်မှာတော့ ဈေးတွေအောက်ဆုံးထိ ထိုးမကျနိုင်ပဲ တစ်ပိဿာကို ငွေကျပ် ၂၀၀၀ လောက်တော့ ရနိုင်မယ်လို့ခန့်မှန်းထားပါတယ်” ဟု ၎င်းကပြောသည်။

 

စတော်ဘယ်ရီသီးကို စတင်ထွက်ရှိချိန်မှ ဧပြီလကုန်အထိ ခူးဆွတ်ယူနိုင်ပြီး တစ်ဧကလျှင် ပိဿာချိန် ၁၅၀၀ ခန့် ထွက်ရှိနိုင်သော်လည်း ရာသီဥတုပေါ်မူတည်၍ အထွက်နှုန်းလည်း ပြောင်းလဲသွားကာ ပူအိုက်သည့် ရာသီဥတုကို ကြိုက်နှစ်သက်ကြောင်း သိရသည်။

 

“စတော်ဘယ်ရီသီးက အေးတဲ့ရာသီဥတုကို မကြိုက်ဘူး။ ရာသီဥတု ပူလေလေ အထွက်နှုန်း ကောင်းလေပဲ။ ဒါအပြင် ဈေးနှုန်းကလည်း အစောဆုံးထွက်တဲ့အခင်းက ပေါ်ဦးပေါ်ဖျားဆို ဈေးပိုရပြီး လှိုင်လှိုင်ပေါ်တဲ့ မတ်လအတွင်းမှာ ကျပ် ၁၂၀၀ အထိ ကျဆင်းသွားပေမယ့် သင်္ကြန်အပြီးမှာတော့ တစ်ပိဿာကို ငွေကျပ် ၂၀၀၀ နဲ့ ၃၀၀၀ ကြားအထိ ဈေးပြန် ခုန်တက်လေ့ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

ပြင်ဦးလွင်မြို့နယ်ရှိ စတော်ဘယ်ရီသီး စိုက်ပျိုးသူများအနေဖြင့် စိုက်ဧကနှင့် မိသားစုလူဦးရေပေါ်မူတည်၍ စတော်ဘယ်ရီသီး စိုက်ပျိုးမှုဖြင့် မိသားစုဘဝရပ်တည်နိုင်သည်အထိ မှီခိုအားထားရသည့် သီးနှံဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)