ဖာပွန်၊ ၁၁ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် (၈၃)နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြောပြိုင်ပွဲကို ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးက အဖွင့်အမှာစကားပြောကြားရာတွင်
ကလေးငယ်များ ဉာဏစွမ်းရည် ဖွံ့ဖြိုးလာစေရေး၊ စကားပြောစွမ်းရည် တိုးတက်လာစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိလာစေရေးအတွက် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးက ကလေးများအား အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ ရေးသားပြုစုထားတဲ့ "ခရုကလေး"ပုံပြင်အားပြောပြခဲ့သည်။
ပုံပြောပြိုင်ပွဲသို့ တက်ရောက်လာကြသော သားငယ်၊သမီးငယ်လေးများက မိမိတို့ကြိုက်နှစ်သက်ရာ ပုံပြင်များပြောပြခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မေဝါကိုကိုနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းသိင်္ဂီမင်း တို့က ပုံပြောပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသော ကလေးငယ်များအား ဗလာစာအုပ်များ လက်ဆောင်ချီးမြှင့်ပေးခဲ့ကြောင်းသိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊စောအောင်မျိုးလွင်(ပြန်/ဆက်)


